ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီရဲ့ ပြောစကားတစ်ခွန်းကြောင့် ဒီကမ္ဘာ့ချန်ပီယံ ကစားသမားကို လှောင်ပြောင်နေကြပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ နှစ်ရာသီကြာ ကစားခဲ့တဲ့ ကစားသမားပါ။
ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီက အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာရှိနေတုန်းကလည်း အသင်းပရိသတ်တွေနဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီ၊ နေမာတို့ကို အမြဲတမ်း ပစ်မှတ်ထား လှောင်ပြောင်ခဲ့ပြီး မက်ဆီကိုဆိုရင် အသင်းကနေ ထွက်သွားဖို့အထိ စုဝေးဆန္ဒပြခဲ့ဖူးပါတယ်။ အခုချိန်မှာလည်း မက်ဆီက အာဂျင်တီးနားအသင်းသားတွေထဲမှာ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့အတွက် အသင်းဘက်က ဂုဏ်ပြုမခံရတာ သူတစ်ယောက်တည်းရှိကြောင်း ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီကို ပြန်လည်ရောက်ရှိလာချိန်မှာ အသင်းဖော်တွေရဲ့ ဂုဏ်ပြုကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အသင်းရဲ့ ထိပ်သီးပိုင်း တာဝန်ရှိသူတွေကတော့ မက်ဆီကို အရေးတယူဂုဏ်ပြုခဲ့ခြင်းမရှိတာကြောင့် မက်ဆီက အခုလိုမျိုး ဖွင့်ဟခဲ့တာဖြစ်နိုင်ပါတယ်။
အဲ့ဒါကြောင့်လည်း မက်ဆီနဲ့ပတ်သက်လာရင် အရင်ကတည်းက အမုန်းဓာတ်ခံရှိနေတဲ့ ပီအက်စ်ဂျီပရိသတ်တွေက ပီအက်စ်ဂျီ ကစားသမားတွေ မက်ဆီကို ဂုဏ်ပြုကြိုဆိုခဲ့တာနဲ့ သက်သေပြပြီး ဝေဖန်လှောင်ပြောင်နေကြတာဖြစ်ပါတယ်။ မက်ဆီကတော့ ပီအက်စ်ဂျီမှာ နှစ်နှစ်လုံးလုံး ပျော်ရွှင်ခဲ့ရဟန်မရှိဘဲ အခု ပီအက်စ်ဂျီက ထွက်လာချိန်အထိ အဆိုပါအသင်း ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။