စပိန်ခွဲထွက် ကတ္တလန်အသင်းကတော့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကို ပထမဆုံးအကြိမ် ကစားတော့မှာ ဖြစ်တယ်လို့ Marca သတင်းဌာနက ဖော်ပြထားပါတယ်။
ပထမဆုံး ဖီဖာ အသိအမှတ်ပြုပွဲကိုတော့ ဗင်နီဇွဲလားအသင်းနဲ့ ကစားမှာဖြစ်ပြီး နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ ဘာစီလိုနာ နောက်ခံလူ ပီကေး၊ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီ၊ စတုတ်စီးတီးတိုက်စစ်မှူး ဘိုဂျန်ကာကစ်တို့က ကတ္တလန်အသင်းအတွက် ကိုယ်စားပြု ကစားပေးသွားမယ်လို့လည်း သိရပါတယ်။
ဗင်နီဇွဲလားအသင်းနဲ့ ခြေစမ်းပွဲကို မတ်လ ၂၅ ရက်နေ့မှာ ကစားမှာဖြစ်ပြီး ကတ္တလန်အသင်းအနေနဲ့ ယခင် ၁၉၉၇ ခုနှစ်လောက်ကတည်းက ခြေစမ်းပွဲတွေ ပုံမှန်ကစားနေတယ်လို့လည်း သိရပါတယ်။
အဲဒီအချိန်တုန်းကဆိုရင် စပိန်လက်ရွေးစင်တွေလည်းဖြစ် ဘာစီလိုနာ ကစားသမားတွေလည်း ဖြစ်တဲ့ ပူယိုးလ်၊ ဖာဘရီဂတ်စ်၊ ဘက်တ်စ်ကွက်ဇ်၊ ပီကေးတို့လို ကတ္တလန်သားတွေက ကတ္တလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြပါတယ်။
အဆိုပါ ခြေစမ်းပွဲတွေထဲမှာ ဘရာဇီး၊ အာဂျင်တီးနားအသင်းတို့နဲ့တောင် ကစားဖူးပေမယ့် အခုလို ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲကိုတော့ ကစားဖူးခြင်း လုံးဝမရှိခဲ့ပါဘူး။ ခြေစမ်း ကစားခွင့်ရပေမယ့်လည်း ဖီဖာအသိအမှတ်ပြု အဖွဲ့ဝင် မဖြစ်သေးတဲ့အတွက် ဖီဖာက ကျင်းပနေတဲ့ ကမ္ဘာ့ဖလားနဲ့ ဥရောပ ဖလားပြိုင်ပွဲတွေကိုတော့ ဝင်ပြိုင်ခွင့်ရဦးမှာ မဟုတ်ဖူးလို့လည်း သိရပါတယ်။
ဒါပေမယ့် လက်ရှိ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲစတင် ကစားခွင့်ရရှိလာခြင်းကပင် ကတ္တလန် ဘောလုံး အဖွဲ့ချုပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေပြီ ဖြစ်ပြီး ဒီပွဲစဉ်ကိုတော့ မတ်လ ၂၅ ရက်နေ့မှာ ပရိသတ် ၁၄၀၀၀ ဆံံ့တဲ့ မွန်တီလီဗီ ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။