ရာသီဥတုပြောင်းလဲမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း ထင်ရှားတဲ့လက္ခဏာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လေးနှစ်ဟာ ကမ္ဘာတစ်ဝှမ်း အပူချိန်မှတ်တမ်းတွေ စတင်ခဲ့ချိန်မှ လက်ရှိအချိန်အထိ အပူဆုံးနှစ်များဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ဖေဖေါ်ဝါရီ ၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ထိုသို့ အပူဆုံးနှစ်တွေ ဖြစ်လာမှုဟာ ကာလရှည်ကြာ ရာသီဥတုပြောင်းလဲမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း သိသာထင်ရှားတဲ့ လက္ခဏာဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။

(Photo: CNA/MediaCorp)

ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့အစည်း (World Meteroligical Organization - WMO) က ၂၀၁၈ ခုနှစ်ဟာ လေးနှစ်မြောက် အပူနွေးဆုံးနှစ်အဖြစ် သမိုင်းတစ်လျှောက်မှာ စံချိန်တင်မယ်လို့ ထိုနှစ် နိုဝင်ဘာလအတွင်း ပြောထားခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချထိန်းချုပ်ရန် အရေတကြီး လိုအပ်နေကြောင်းလည်း WMO က တိုက်တွန်းထားပါတယ်။



ဖေဖေါ်ဝါရီ ၆ ရက်မှာ မှတ်တမ်းတွေကို ကောက်ချက်ချမှုအရ ၂၀၁၈ ခုနှစ် ကမ္ဘာတစ်ဝှမ်း ပျမ်းမျှအပူချိန်ဟာ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးမီအချိန်ကထက် ၁ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Cedrick Isham Calvados/AFP/Getty Images)

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာလည်း ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ပါသေးတယ်။ သမိုင်းတစ်လျှောက် အပူဆုံး နှစ်ပေါင်း ၂၀ ကို ပြီးခဲ့တဲ့ ၂၂ နှစ်အတွင်း တွေ့ကြုံခဲ့ရကြောင်းလည်း သိရပါတယ်။

"ကာလရှည်ကြာ အပူချိန်မြင့်တက်နေမှုဟာ တစ်နှစ်ချင်းစီ အပူချိန်မြင့်တက်မှုထက် ပိုအရေးကြီးပါတယ်၊ အခု ဒီအပူချိန် ၁ ဒီဂရီဆဲလ်စီးယပ် ဆက်တက်ပါတယ်၊ ပြီးခဲ့တဲ့ လေးနှစ်အတွင်း မြေပြင်ရေပြင် အပူချိန်မြင့်တက်မှုတွေက ထူးခြားနေပါတယ်" လို့ WMO အကြီးအကဲ Petteri Taalas က ပြောပါတယ်။

(WMO အကြီးအကဲ Petteri Taalas) (Photo: Reuters)

အပူချိန်မြင့်တက်မှုတွေကြောင့် ဟာရီကိန်းမုန်တိုင်းများ၊ ခြောက်သွေ့မှုများနဲ့ ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်စေကြောင်း WMO က သတိပေးပြောကြားပါတယ်။ "ပြင်းထန်တဲ့ မိုးလေဝသဆိုးရွားမှုဖြစ်ရပ် အများအပြားက ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကနေ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အရာပါ၊ ဒါက တစ်ကယ်လက်တွေ့ဖြစ်ပြီး ကျွန်တော်တို့ ရင်ဆိုင်ဖို့လိုအပ်ပါတယ်" လို့ Taalas က ဆိုပါတယ်။

(Infographic: NOAA/CNN)

ယခု ၂၀၁၉ ခုနှစ်ဟာလည်း ၂၀၁၈ ခုနှစ်ရဲ့ အပူချိန်မြင့်တက်မှုတွေ ဆက်လက်ကြုံနေရပြီး သြစတြေးလျနိုင်ငံမှာ အပူဆုံး ဇန်နဝါရီလအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း WMO က ပြောခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ယခုကဲ့သို့ အပူချိန်လွန်ကဲမှုတွေ နောက်ထပ် မကြာခဏ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း WMO က သတိပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က