ဒီကနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့ ခြေစမ်းပွဲမှာတော့ နှစ်ဖက်ပရိသတ်တွေအကြား ထူးထူးဆန်းဆန်း စည်းလုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အမေရိကန်မှာ ကစားခဲ့တဲ့ဒီပွဲမှာ ဘာစီလိုနာက တိုက်စစ်ကစားသမား ရာဖင်ဟာရဲ့ လှပတဲ့ အဝေးကန်ချက်ကြောင့်ရရှိတဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ခြေစမ်းပွဲပဲဆိုဆို၊ နှစ်သင်းကြား အစဥ်အဆက်ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာကြောင့် နှစ်ဖက်အသင်းသားတွေအကြား အချင်းများမှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဘာစီလိုနာနောက်ခံလူ ပီကေး ဘောလုံးထိချိန်တိုင်း အချင်းချင်းစည်းလုံးသွားကြပြီး အတူတကွလှောင်ပြောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ ပီကေးတယောက် ရှကီရာအပေါ် ဖောက်ပြန်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ပီကေးနဲ့ရှကီရာတို့ဟာ (၂၀၁၀) ကမ္ဘာ့ဖလားမှာ စတင်ဖူးစာဆုံခဲ့ကြပြီး ဆယ်စုနှစ်တခုကျော်ကြာ ချစ်လက်တွဲခဲ့တာပါ။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ ပီကေးရဲ့ဖောက်ပြန်မှုဇာတ်လမ်းတွေကို ရှကီရာက လက်ပူးလက်ကြပ်မိခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး ပီကေးအနေနဲ့လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် လက်ရှိအချိန်မှာ ကလေးနှစ်ယောက်အပေါ် ကလေးအုပ်ထိန်းခွင့်ကို ပီကေးနဲ့ရှကီရာတို့ သဘောတူညီမှုမရတာကြောင့် တရားရုံးအထိ တက်ရောက်ဖြေရှင်းရဖို့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရော၊ ဘာစီလိုနာပရိသတ်တွေပါ စည်းလုံးသွားခဲ့ပြီး ပီကေး ဘောလုံးထိချိန်တိုင်း သံပြိုင်လှောင်ပြောင်ခဲ့တာပါ။
အချို့သောပရိသတ်တွေကလည်း ရှကီရာရဲ့နာမည်ကို ပြိုင်တူအော်ဟစ်ခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။ အသင်းဖော် ဂျော်ဒီအယ်လ်ဘာကတော့ “လှောင်ပြောင်သံတွေကို ကျနော်တို့ကြားပါတယ်။ ဘာအတွက်လဲတော့ မသိပါဘူး။ ဒါပေမယ့် ဒီအပေါ်မှာ ပီကေးက အရမ်းစိုးရိမ်နေမယ်မထင်ပါဘူး။ ကျနော်တို့ သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ လက်ခုပ်တီးပေးတဲ့အချိန်ထက် လှောင်ပြောင်ခံရတဲ့အချိန်မှာ ပီကေးက ပိုပြီး စိတ်ဓာတ်တက်ကြွလေ့ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။