ပထမဆုံးအကြိမ်ကျင်းပမယ့် ပြင်ဦးလွင်လမ်းလျှောက်သင်္ကြန်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အစဉ်အလာကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ရေဖလားတွေနဲ့သာ ရေပက်ကစားသွားကြမယ်လို့ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် ဦးစန်းတင့်က Duwun ကိုပြောပါတယ်။
"ဒီလမ်းလျှောက်သင်္ကြန်အတွင်းမှာတော့ ရေဖလားလေးတွေနဲ့ပဲရေပက်ကြမယ်၊ မြန်မာ့ရိုးရာပြန်လည်ဖော်ထုတ်တဲ့အနေနဲ့လုပ်တဲ့လမ်းလျှောက်ဆိုတော့ ရေဖလားလေးတွေနဲ့ပဲ ရေပက်ကစားကြမှာပါ၊ တစ်ချို့လည်းရေပိုက်နဲ့ပက်ကြတာမျိုးရှိချင်ရှိလာမှာပေါ့၊ အများအားဖြင့်တော့ ရေဖလားလေးတွေနဲ့ပဲရေကစားကြမှာပါ"လို့ ဦးစန်းတင့်က ဆိုပါတယ်။
မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော် ဆင်နွှဲနိုင်ဖို့ မြို့နေလူထုအားနဲ့ စီစဉ်နေတာဖြစ်ပြီး ရေကစားမဏ္ဍပ် ၁၀ ခု၊ စတုဒီသာမဏ္ဍပ် ၂၃ ခုနဲ့ ဒေသထွက်ကုန်ပစ္စည်းတွေ တည်ခင်းရောင်းချမယ့် ဆိုင်ခန်းပေါင်း ၂၀ ကျော်ပါဝင်မယ်လို့ သိရပါတယ်။ ဗဟိုမဏ္ဍပ် ဧည့်ခံဖျော်ဖြေရေးအစီအစဉ်အဖြစ်လည်း တေးဂီတဖျော်ဖြေတင်ဆက်မှု၊ ယိမ်းအကပြိုင်ပွဲတွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဗဟိုမဏ္ဍပ်ကကျောက်တိုင်ကွင်းထဲမှာပါ၊ ဗဟိုမဏ္ဍပ်မှာက နေ့ခင်းပိုင်းတွေမှာဆိုရင် တီးဝိုင်းရှိမယ် ယိမ်းကတာတွေရှိမယ်၊ သီချင်းဆိုတာတွေရှိမယ်၊ ညပိုင်းမှာကျတော့ ယိမ်းပြိုင်ပွဲ ရှိမယ်၊ ယိမ်းအဖွဲ့က ၂၇ ဖွဲ့လောက်ရှိမယ်၊ ရပ်ကွက်တွေကရော ပရဟိတအသင်းတွေကရော ယိမ်းတွေထွက်ကြမှာပါ” လို့ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် ဦးစန်းတင့်က ဦဆိုပါတယ်။
ြပင်ဦးလွင်မြို့က မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေး-လားရှိုးလမ်းမကြီးပေါ်မှာပဲကျင်းပသွားမှာဖြစ်ပြီး ဘူတာလမ်းခွဲ(လေငွန်လမ်းဆုံ) ကနေ ဈေးလေးမီးပွိုင့်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။