ပြင်ဦးလွင်ရဲ့လက်ရှိအခြေအနေက တည်ငြိမ်အေးချမ်းနေပြီလို့ သိရပါတယ်။

မေမြို့က စစ်ဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတယ်လို့ ထင်ကြတဲ့အတွက် လာရောက်လည်ပတ်သူတွေ မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။

DSTA တိုက်ခိုက်ခံရလို့ နယ်မြေမတည်မငြိမ်ဖြစ်ခဲ့ရတဲ့ပြင်ဦးလွင်မြို့ရဲ့လက်ရှိအခြေအနေဟာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပေမယ့်လည်း ကောလာဟလ သတင်းမှားတွေကြောင့် ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုလျော့ကျနေတယ်လို့ ပြင်ဦးလွင်မြို့ကအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

“မြို့မှာဖြစ်သွားတဲ့အကြောင်းအရာတစ်ခုအပေါ်မူတည်ပြီးတော့ ကောလာဟလတွေထွက်နေတယ်၊ ဟုတ်တာရောမဟုတ်တာရော အခုထိထွက်နေတုန်းပဲ။ ဒီလိုမဟုတ်မမှန်သတင်းတွေကြောင့် မေမြို့ဟာ စစ်ဖြစ်ပြီးမငြိမ်မသက်ဖြစ်နေတယ်လို့ တခြားမြို့ကလူတွေထင်နေကြပြီ၊ အခုဆိုရင်လာရောက်လည် ပတ်တဲ့လူမရှိသလောက်နည်းနေပြီ၊ တကယ်တော့ဖြစ်တာကနည်းနည်း ဖေ့စ်ဘွတ်ပေါ်ကို ထင်ရာမြင်ရာကြားတာတွေရေးတင်နေကြလို့ မေမြို့ကစစ်တလင်းဖြစ်နေပြီထင်နေကြတာပါ။ မေမြို့မှာ ပုဒ်မ ၁၄၄ လည်းမထုတ်ပါဘူး၊ ပေါ်တာလည်းမဆွဲပါဘူး တည်ငြိမ်အေးဆေးနေပြီမို့လို့ လာရောက်လည်ပတ်ကြပါလို့ဖိတ်ခေါ်ပါတယ်” လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့အတွင်းရေးမှူးဦးကိုကိုကြီးက Duwun ကို ပြောပါတယ်။

ပြင်ဦးလွင်နဲ့နောင်ချိုတိုက်ခိုက်ခံရမှုနောက်ဆက်တွဲအဖြစ် ဒေသတွင်းမှာ ခဏတာနယ်မြေမတည်ငြိမ်မှုဖြစ်ခဲ့ပေမယ့်လည်း မြို့ရဲ့လက်ရှိအခြေအနေဟာ ပြီးခဲ့တဲ့ရက်တွေကတည်းက တည်ငြိမ်အေးချမ်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

“အရင်တုန်းကဆိုရင် ပုလဲဖြူဆွယ်တာဆိုင်တို့ဘာတို့ဆိုတာ ဈေးဝယ်နဲ့ပြည့်နေတာပါ။ အခုအဲဒီလိုမဟုတ်တော့ဘူး မြို့ကခြောက်ကပ်နေတယ်။ မြို့ခံတွေပဲ ရှိတဲ့သဘောပေါ့။ ဧည့်သည်အဝင်နည်းသွားတယ်” လို့ ပြင်ဦးလွင်နာရီစင်အနီးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ဆွယ်တာဆိုင် ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်းဆိုင် မလိုင်မုန့်ဆိုင် အငှားယာဉ်တွေနဲ့ စားသောက်ဆိုင်တွေဟာ အခုရက်ပိုင်းအတွင်း အလုပ်မဖြစ်သလောက်အခြေအနေဖြစ်နေကြလို့ ပြည်သူတွေသတင်းအမှန်သိရဖို့ ဒေသအာဏာပိုင်တွေဘက်က မှန်ကန်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

"မြို့ကအေးအေးချမ်းချမ်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မြို့ဆိုတာက ခရီးသွားတွေနဲ့လူစည်တဲ့မြို့ဆိုတော့ အခြေအနေတည်ငြိမ်နေပြီဖြစ်ပေမယ့်လည်း မြို့ကခြောက်ကပ်နေတယ်။ ကောလာဟလသတင်းတွေကြောင့် မြို့ကိုအလည်လာသူမရှိသလောက်ပဲ။ ဒီတော့စီးပွားရေးသမားတွေအဆင်မပြေဖြစ်နေ ကြတယ်။ မြို့တည်ငြိမ်နေပြီဆိုတဲ့အကြောင်း ဒီရက်ပိုင်းအတွင်းသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့စီစဉ်နေတယ်။ သူတို့မလုပ်ရင် ကျွန်တော်တို့အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီးလုပ်ပါမယ်" လို့ ပြင်ဦးလွင်စိမ်းလန်းအဖွဲ့မှတွဲဖက်အတွင်းရေးမှူးဦးဆန်းတင့်(မေမြို့စက်ဘီးချစ်သူများအဖွဲ့)က Duwun ကို ပြောပါတယ်။

Share

Loading Next Article...
က္က