ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့က COVID 19 အတည်ပြုလူနာ သူနာပြုဆရာမနှစ်ဦးဖြစ်တဲ့ လူနာ နံပါတ်(၁၁၈)နဲ့ (၁၁၉)တို့ကို Facility Quarantine ထားတဲ့ နေရာကနေ ဒီကနေ့ မနက်ပိုင်းမှာ ပြည်မြို့က ကုတင်(၅၀၀)ဆေးရုံကိုပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။
သူနာပြုဆရာမ နှစ်ဦးလုံးက အသက်(၃၁)နှစ်အရွယ်တွေဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကလွဲလို့ ကျန်တဲ့ကျန်းမာရေးပိုင်းအားလုံးကောင်းမွန်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က Duwun ကိုပြောပါတယ်။
“ ဒီနေ့မနက်ပိုင်းဆေးရုံကို ပို့တဲ့အထိကတော့ နှစ်ဦးလုံးက ရောဂါကူးစက်ခံရပြီဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ မျက်နှာတွေမကောင်းကြဘူး။ တခြားကျန်းမာရေးကတော့အားလုံးကောင်းမွန်ပါတယ်။ သူတို့က ပြည်ဆေးရုံကြီးက အတည်ပြုလူနာ မေ့ဆေးဆရာဝန်မကြီးအဖွဲ့က သူနာပြုတွေပါ။ ဆရာမကြီးမှာ ရောဂါတွေ့ပြီဆိုကတည်းက ကျန်းမာရေးဝန်ထမ်း(၁၃)ဦးကို Facility Quarantine ထားထားတာ။ ဧပြီ(၁၉)ရက်နေ့က အဆိုပါ (၁၃)ယောက်ရဲ့ ဓာတ်ခွဲနမူနာကိုစစ်ဆေးဖို့ပို့တယ်။ မနေ့ကထုတ်ပြန်တဲ့အထဲမှာ အခုသူနာပြုနှစ်ဦးက ပိုးတွေ့ခဲ့ပြီး ကျန်တဲ့ (၁၁)ဦးကတော့ negative အဖြေထွက်တယ်” လို့ ဦးသက်ဝင်းလှိုင်ကပြောပါတယ်။
ရောဂါမတွေ့ရှိခဲ့တဲ့ ကျန်တဲ့ (၁၁)ဦးကိုလည်း Quarantine ဆက်ထားသွားမယ်လို့ သိရပါတယ်။
ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်ဆေးရုံက မေ့ဆေးဆရာဝန်မကြီးနဲ့ ကျွန်တော်တို့ဖုန်းဆက်ပြီးစကားပြောတဲ့အခါမှာလည်း ဆရာမကြီးရဲ့ ကျန်းမာရေးကလည်းအားလုံးကောင်းမွန်တယ်လို့ ဦးသက်ဝင်းလှိုင်ပြောပါတယ်။
လက်ရှိ ပဲခူးတိုင်းဒေသကြီးပြည်မြို့မှာ ရောဂါကူးစက်ခံရသူ (၃)ဦးရှိနေပြီး (၃)ဦးလုံးက ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။
ရောဂါကူးစက်ခံထားရသူတွေက ကျန်းမာရေးဝန်ထမ်းတွေဖြစ်လို့ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း Quarantine ထားရှိထားရတာကြောင့် ဆေးရုံရဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေကိုတော့ အဆင်ပြေအောင် အစားထိုးတာဝန်ထမ်းဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။