နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆုဖလားရရှိဖို့ နီးစပ်နေချိန်မှာမှ ဗိုင်းရပ်စ်ပြဿနာကြောင့် လီဗာပူးလ်ရဲ့ ချန်ပီယံအိပ်မက်တွေက တစ်ဝက်တစ်ပျက်ဖြစ်နေခဲ့ရပါတယ်။
လီဗာပူးလ်အသင်းရဲ့နောက်ခံလူဗန်ဒိုက်ဟာ အသင်းပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားအောင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် မြင်တွေ့ရခြင်းမရှိမှာကို စိုးရိမ်ကြောက်လန့်နေတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆုဖလားရရှိဖို့ နီးစပ်နေချိန်မှာမှ ဗိုင်းရပ်စ်ပြဿနာကြောင့် လီဗာပူးလ်ရဲ့ ချန်ပီယံအိပ်မက်တွေက တစ်ဝက်တစ်ပျက်ဖြစ်နေခဲ့ရပါတယ်။
လက်ရှိမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီလ ၃ရက်နေ့အထိ ရွှေ့ဆိုင်းထားပြီးဖြစ်ပါတယ်။ ပွဲစဉ် ၂၉ အထိ ကစားပြီးဖြစ်ကာ လက်ကျန်ပွဲစဉ် ၉ပွဲသာ ကျန်ရှိတော့ပြီး လီဗာပူးလ်က ချန်ပီယံဖြစ်ဖို့အတွက် ရာနှုန်းပြည့်နီးပါးသေချာနေတာလည်းဖြစ်ပါတယ်။ ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့မသေမချာဖြစ်နေပေမယ့်လည်း ဆက်လက်ကစားရမယ်ဆိုပါက ဆုဖလားကို ပရိသတ်တွေအတွက် ရယူပေးမယ်လို့လည်း ဗန်ဒိုက်က ကတိပေးခဲ့ပါတယ်။
"တကယ်လို့ ကျွန်တော်တို့က ကွင်းထဲမှာအောင်ပွဲခံနေရမယ်ဆိုရင်တောင် ပရိသတ်တွေအဲဒီမှာမရှိဘူးဆိုရင် သူတို့အတွက် အရမ်းကိုစိတ်ပျက်စရာဖြစ်ပါလိမ့်မယ်၊ အန်ဖီးလ်မှာ ပရိသတ်တွေမရှိဘူးဆိုရင် ထိုးနှက်ချက်လည်းဖြစ်လာမှာဖြစ်ပြီး ဘယ်သူကမှလည်း ပရိသတ်မရှိဘဲ ကစားချင်မှာမဟုတ်ပါဘူး"
"ဘယ်လိုမျိုးဆက်သွားမလဲဆိုတာကို ဆုံးဖြတ်ချက်မချမချင်း ဒါကို ကျွန်တော်တို့ ဖြေရှင်းသွားရမှာပါ၊ တကယ်လို့ ဆက်ပြီးတော့ ကစားဖြစ်မယ်ဆိုရင် ကျွန်တော်တို့ပရိသတ်တွေအတွက် ဆုဖလားကို သယ်ဆောင်ပေးမယ်ဆိုတာကတော့ အတိအကျပါပဲ" လို့ ဗန်ဒိုက်က နယ်သာလန်သတင်းစာတစ်စောင်ကို ပြောဆိုခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။