အသက် ၂၁ နှစ်အရွယ် ဂျာမနီကစားသမားဟာ လေဗာကူဆင်အတွက် ၁၄၄ ပွဲကစားပေးထားပြီး ၄၄ ဂိုးသွင်းယူကာ ၂၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
လေဗာကူဆင်အတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားကိုင်ဟာဗက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းတစ်သင်းတည်းကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ လေဗာကူဆင်အတွက် အ့ံအားသင့်ဖွယ်ရာခြေစွမ်းပြနေတဲ့ ဟာဗက်ဇ်ကို ဥရောပထိပ်သီးအသင်းတွေက စောင့်ကြည့်နေခဲ့ကြပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂျာမနီကစားသမားဟာ လေဗာကူဆင်အတွက် ၁၄၄ ပွဲကစားပေးထားပြီး ၄၄ ဂိုးသွင်းယူကာ ၂၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ချယ်လ်ဆီး၊လီဗာပူးလ် နဲ့ ယူနိုက်တက်တို့လို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေက စိတ်ဝင်စားနေခဲ့ကြပေမယ့် ကစားသမားကတော့ ဘာနေဗျူးမှာ ကစားဖို့ကိုသာ အိပ်မက်မက်နေတယ်လို့ Sportbuzzer က ဖော်ပြခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ မက်ဒရစ်ကလည်း ဟာဗက်ဇ်ကို စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတောင်ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ကစားသမားရဲ့ တန်ဖိုးဟာ ယူရိုသန်း ၈၀ ရှိမယ်လို့ သိရပြီး အဆိုပါပမာဏထက် နည်းပါးတဲ့ ဘယ်လိုကမ်းလှမ်းမှုကိုမဆို လေဗာကူဆင်အသင်းကလည်း ငြင်းဆန်ဖို့ အသင့်ရှိနေပါတယ်။
ဟာဗက်ဇ်ဟာ လေဗာကူဆင်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လာမယ့်ရာသီမှာတော့ သေချာပေါက်အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ကစားသမားရဲ့ ဆန္ဒက ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ဆိုတဲ့ သတင်းတွေထွက်လာခဲ့တာကြောင့်လည်း စပိန်ကလပ်အတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်လာခဲ့ပြီး အခြားအသင်းတွေကို နောက်ကောက်ချနိုင်ဖို့ ပိုမိုလွယ်ကူသွားခဲ့ပြီလည်းဖြစ်ပါတယ်။