လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဖိအားတွေ ခံစားနေရကြောင်း ဝန်ခံပြောကြားခဲ့ပြီး ယင်းဖိအားဟာ လီဗာပူးအသင်းရရှိထားတဲ့ အဆင့်သတ်မှတ်ချက်ကြောင့်ဖြစ်သလို မန်စီးတီးအသင်းလည်း လီဗာပူးအသင်းလိုပဲ ခံစားနေရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်လို့ စတင်ခေါ်တွင်တဲ့အချိန်ကနေ ယနေ့အချိန်အထိ ချန်ပီယံမဖြစ်ခဲ့ဖူးဘဲ ယခုရာသီမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဆုဖလားရရှိဖို့ လက်တကမ်းအကွာရောက်လာလေ ဖိအားများလေဖြစ်တတ်တဲ့သဘောသဘာဝအရ လီဗာပူးအသင်းဟာ ဖိအားတွေရင်ဆိုင်နေရပြီး ဆာလာက ယင်းအချက်ဟာ အပေါင်းလက္ခဏာဆောင်တဲ့အရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ခင်ဗျား ခံစားကြည့်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက သက်ရှိလူသားတစ်ယောက်ဖြစ်နေသေးလို့ပါ”
“ကျွန်တော့်အတွက်ကတော့ တကယ်လို့ အခု ပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင် ဒါမှမဟုတ် လွန်ခဲ့တဲ့ ၃ ပတ်လောက်က အနိုင်ရခဲ့မယ်ဆိုရင်ဆိုတာ ကြီးကြီးမားမားပြဿနာတော့မဟုတ်ပါဘူး။ ပွဲစဉ်တိုင်းကို ကျွန်တော် အနိုင်ရချင်တယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကိုယ်ပြောခဲ့တာကတော့ ငါတို့ကစားနေတာ ပရီးမီးယားလိဂ်မှာ။ အဲဒီတော့ ဖိအားဆိုတာရှိမှာပဲ။ မန်စီးတီးအသင်းလည်း ဖိအားတွေရှိမှာပဲဆိုပြီးပေါ့”
“နိုဝင်ဘာလတုန်းက ဖိအားတွေရှိနေတယ်။ ရာသီကုန်တဲ့အထိ ရှိနေမှာပဲလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ကစားနေတာ ပရီးမီးယားလိဂ်မှာဖြစ်တဲ့အတွက် ဖိအားတွေရှိတာကိုလည်း ခင်ဗျား လက်ခံရမှာပဲ။ ခင်ဗျား အိမ်ပြန်တဲ့အခါ အဲဒီဖိအားကို ခင်ဗျားနဲ့အတူ ယူသွားနိုင်တယ်။ ဒါပေမယ့် အဲဒီဖိအားက ခင်ဗျား အလုပ်ပိုကြိုးစားပြီး ပွဲစဉ်တွေအပေါ်မှာ အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။