ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)ရဲ့ ပွဲပေါင်း (၉)ပွဲကို ကစားပြီးသွားပါပြီ။ ဒီနေ့မှာ လီဗာပူးလ်က ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ မန်စီးတီးက အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ယူပြီး လီဗာပူးလ်ထက် တစ်ပွဲပိုကစားကာ (၂)မှတ်အကွာနဲ့ ဖိအားပေးလိုက်နိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ကလည်း ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ ဆုဖလားအတွက် အခွင့်အလမ်းလမ်းကြောင်းပေါ် ရှိနေသေးပြီး ချယ်လ်ဆီး နဲ့ ယူနိုက်တက်တို့လည်း နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ်။ အခု ဖော်ပြပေးမှာကတော့ Daily Mail က ရေးသားခဲ့တဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီးမှာ ထူးခြားချက်အဖြစ် ရှိနေခဲ့တဲ့ အကြောင်းအရာ (၇)ခု ဖြစ်ပါတယ်။
၁။ ယူနိုက်တက်ကတော့ ဆိုးလ်ရှားလက်ထက်မှာ ဖျော်ဖြေမှုပေးနိုင်တဲ့ အသင်းတစ်သင်းပုံစံနဲ့ အင်္ဂလန်ဘောလုံးလောကထဲကို ပြန်လည်တိုးဝင်လာခဲ့ပါတယ်။ အိမ်ကွင်းအဝေးကွင်းမရွေး ယူနိုက်တက်အသင်းက အနိုင်ယူနေခဲ့ပြီး အဝေးကွင်း (၅)ပွဲဆက်တိုက် နိုင်ပွဲလည်း ရယူနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ဟိုအရင်ကလိုမျိုး ချစ်သူ၊ မုန်းသူ ပေါများတဲ့ အသင်းဖြစ်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ ဒါကပဲ ပရီးမီးယားလိဂ်မှာ ရပ်တည်နိုင်ခဲ့တဲ့ သူတို့ရဲ့ ပင်ကိုယ်ဟန်လည်း ဖြစ်ပါတယ်။
၂။ လူငယ်ကစားသမားတစ်ဦးအနေနဲ့ ရက်ဖို့ဒ်က လက်စတာနဲ့ပွဲမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ရက်ဖို့ဒ်က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး သူ့ရဲ့ အသက်က ၂၁နှစ်နဲ့ ၉၅ ရက်သာ
ရှိသေးတာ ဖြစ်ပါတယ်။ ဒါဟာ ရွိုင်ယန်ဂစ်ရဲ့ အသက် (၁၉)နှစ်နဲ့ ပွဲပေါင်း (၁၀၀)ပြည့်ပြီးနောက်ပိုင်း ရက်ဖို့ဒ်က အသက်အငယ်ဆုံးနဲ့ အဆိုပါပွဲအရေအတွက်ကို ပြည့်မီခဲ့သူလည်း ဖြစ်လာခဲ့ပါတယ်။
၃။ အာဆင်နယ်နဲ့ပွဲမှာ အဂူရိုရဲ့ ဒုတိယမြောက်သွင်းဂိုးအတွက် စတာလင်က ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် စတာလင်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးပေါင်း (၁၀၀)မှာ ပါဝင်ပတ်သက်ခဲ့တဲ့ (၇)ဦးမြောက် အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်လာ
ခဲ့ပါတယ်။ စတာလင်လို ကစားသမားအတွက် ဒီမှတ်တမ်းက သိပ်ပြီးအရေးမကြီးပေမယ့်လည်း ရာသီအစက အကောင်းဆုံးပုံစံမျိုး မဟုတ်တော့တာတောင်မှ ဒီလိုမှတ်တမ်းကို သူက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
၄။ တိုက်စစ်မှူးကောင်းတွေ အများအပြားခြေစွမ်းပြနေတဲ့ လိဂ်ပြိုင်ပွဲမှာ ဆွန်ဟောင်မင်က ရှိနေခဲ့ပါတယ်။ ကိုရီးယားအသင်းအတွက် အာရှဖလားပွဲ သွားရောက်ကစားပေးပြီး စပါးကို ပြန်လာခဲ့တဲ့နောက်မှာ တော့တင်ဟမ်ရဲ့ မျှော်လင့်ချက်တွေကို ဆွန်ဟောင်မင်က ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဆွန်ဟောင်မင်က စပါးအတွက် နောက်ဆုံး (၁၀)ပွဲမှာ သွင်းဂိုး (၁၄)ဂိုးအထိ ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ဟယ်ရီကိန်း နဲ့ ဒယ်လီအလီတို့ မကစားနိုင်ချိန်မှာ ဆွန်ဟောင်မင်က စပါးကို အမြင့်ဆုံးရောက်အောင် ဆွဲတင်ပေးနေခဲ့ပါတယ်။
၅။ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ချယ်လ်ဆီးအတွက် (၂)ဂိုးသွင်းပေးခဲ့ပြီးနောက် ဆာရီလက်အောက်မှာ အမှတ်ပေးပွဲ (၃၇)ပွဲ ကစားခဲ့တဲ့ ဟီဂူအင်က သွင်းဂိုး (၃၈)ဂိုးအထိ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆာရီရဲ့ ကစားဟန်ကို နားလည်မှုအရှိဆုံးကစားသမားလို့ ဆိုရမှာဖြစ်ပြီး ဟီဂူအင်က သူ့ရဲ့အရည်အသွေးကို ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း အဆင့် (၄)နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
၆။ အခုအချိန်ကတော့ ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂါစီယာရဲ့ နည်းပြရာထူးကို စောင့်ကြည့်ရမယ့် အချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ခန့်အပ်ခံရတဲ့ ပရီးမီးယားလိဂ် နည်းပြတွေထဲက ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။ ဂါစီယာက
ဝက်ဖို့ဒ်အတွက် အမှတ်ပေးပွဲစုစုပေါင်း (၃၉)ပွဲ ကိုင်တွယ်ထားခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သူက ပွဲအများဆုံးကိုင်တွယ်ခွင့် ရရှိထားသူ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဝက်ဖို့ဒ်က ဂိုးမရှိသရေကျခဲ့ပြီး ဂါစီယာအနေနဲ့ ဝက်ဖို့ဒ်ကို ဘယ်အချိန်ထိ ကိုင်တွယ်ခွင့် ရမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
၇။ အိမ်ကွင်းမှာ ဝုလ်ကို အရေးနိမ့်ခဲ့ပြီးနောက် အဲဗာတန်နည်းပြ မားကို့ဆေးဗားရဲ့ ရာထူးက လှုပ်ခတ်လာပြီ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း (၄)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် ဆေးဗားက ဖိအားတွေအောက်ကို ရောက်သွားခဲ့ပါပြီ။ သူ့အနေနဲ့ နည်းပြရရာထူးမှာ ဆက်လက်ပြီး တည်မြဲချင်တယ်ဆိုရင်တော့ အိမ်ကွင်းပွဲတွေမှာ နိုင်ပွဲရအောင် စွမ်းဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။