အင်မတန်မှရှားပါးလှပြီး မည်သည့်အရပ်ဒေသတွင်မျှမရှိနိုင်တဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထူးခြားပင်လယ်ပျော်လူသားမျိုးနွယ်စုဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးရဲ့ အစွန်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့ အနီးတစ်ဝိုက် မြိတ်ကျွန်းစုမှာ “ဆလုံလူမျိုး ( ခေါ် ) မော်ကင်း” လို့ အမည်တွင်တဲ့ “Sea Gypsy or Men of the Sea” ပင်လယ်ပျော်လူမျိူးတစ်စု နေထိုင်ကျင်လည်ကျက်စားလေ့ရှိကြပါတယ်။



ဆလုံလူမျိုးတို့ရဲ့ လူနေမှုပုံစံ၊ ရိုးရာယဥ်ကျေးမှု၊နေထိုင်ပုံတို့ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့် ခရီးသွားတို့အတွက် ဒေသန္တရ ဗဟုသုတရဖြစ်ဖွယ်ရေးသားဖော်ပြလိုက်ရပါတယ်။



သမိုင်းကြောင်း 


ဆလုံလူမျိုးတွေဟာ ရှေးယခင်က မလေးကျွန်းဆွယ်တွေမှာ နေထိုင်ခဲ့ကြပြီး တိုက်ခိုက်လုယက်မှုတွေရှိတဲ့အတွက် မြိတ်ကျွန်းစုဘက်သို့ ရွှေ့ပြောင်းလာခဲ့ကြတာကြောင့် ယခုအခါ ညောင်မိုင်းကျွန်းနဲ့ ကော့သောင်းမြို့အနီးမှာ တွေ့မြင်နိုင်ပါတယ်။

ဆလုံလူမျိုးများကိုမလေးလူမျိုးများက “သြရန်ဘေဆင်း” ဟုခေါ်ကြပြီး ထိုင်းနိုင်ငံဖွားဆလုံများကို ထိုင်းဘာသာစကား ဖြင့်ချောင်နမ် (ရေတွင် ကျက်စားသူများ) ဟုခေါ်ဝေါ်ကြကာ ဆလုံလူမျိုးများကမူ သူတို့ကိုယ်သူတို့ “မော်ကင်း Mawken” လူမျိုးလို့ ခေါ်ဝေါ်ကြပါတယ်။



လူသိများတဲ့ထူးခြားချက် 


မြိတ်ကျွန်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာဟာ ဆလုံလူမျိုးတို့ ဆိုရင် လည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ ဆလုံလူမျိုးတွေဟာ ရေကူး၊ ရေငုပ်ခြင်းအတတ်ပညာကို မွေးရာပါ ကျွမ်းကျင်လွန်းလှပြီး ရေငုပ်ကိရိယာ အကူအညီမပါဘဲ ရေအနက်ပေ ၈၀ အထိ ပျမ်းမျှ အချိန် ၁၅ မိနစ်ကြာမြင့်အောင် ငုပ်လျှိုးနေထိုင်နိုင်တဲ့ ထူးဆန်းအံ့ဖွယ် လူမျိုးနွယ်စုတစ်စုဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။ တစ်ရက်တည်း ဒီလိုရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်ကြောင်းကိုလည်း သိရှိရပါတယ်။ 



ဝတ်စားဆင်ယင်မှု 


ဆလုံလူမျိုးတွေဟာ ဝတ်စားဆင်ယင်မှုအနေနဲ့ အင်္ကျီ သတ်သတ်မှတ်မှတ်ဝတ်ဆင်လေ့မရှိပါဘူး။ လုံချည်၊ ထဘီတို့ကိုခါးမှာ စည်းနှောင်ဝတ်ဆင်လေ့ရှိပြီး ချမ်းအေးတဲ့ရာသီတွေမှာ လုံချည်၊ ထဘီ အပိုတစ်ထည် ခြုံပြီး နေထိုင်ဝတ်ဆင်လေ့ရှိကြပါတယ် ။ 

ရှေးယခင်ဆလုံအမျိုးသမီးတွေကတော့ ရင်သားဗလာနဲ့ သွားလာနေထိုင်ခြင်းကို ရှက်စရာတစ်ခုအဖြစ် မယူဆထားကြဘဲ ခုအချိန်မှာတော့ ခေတ်ကာလအလိုက် အရှက်လုံခြုံစွာ ဝတ်စားဆင်ယင်နေထိုင်လာတတ်ကြတာကို တွေ့ရှိပါတယ်။

ဆလုံအမျိုးသမီးတွေဟာ ခရုခေါင်းပိတ်တွေကို အလှဆင်ပစ္စည်းသဖွယ်သဘောထား သီကုံးဝတ်ဆင်လေ့ရှိပြီး ဆလုံကလေးငယ်တွေကိုလုံချည် ဒါမှမဟုတ် ထဘီတစ်ထည်နဲ့ စည်းနှောင်ချီပိုးထားပြီး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင် လေ့ရှိကြပါတယ်။



ဆလုံလူမျိုးတို့ရဲ့ အတတ်ပညာ


ဆလုံ အမျိုးသားတစ်ယောက်ရဲ့ အရည်အသွေးကို ကဗန်းလှေတည်ဆောက်ရာတွင် ကျွမ်းကျင်မှု၊ ရေအောက် သယံဇာတများရှာဖွေနိုင်မှု၊ ပင်လယ်ရေစီးကြောင်းနဲ့ အဏ္ဏဝါဗေဒအတတ်ပညာအပေါ်မူတည် အကဲဖြတ်ကြလေ့ရှိပြီး ဆလုံအမျိုးသမီးတို့ရဲ့ အရည်အသွေးကိုတော့ ခရင်းရှာခြင်း၊ ရိုးရာဖျာရက်လုပ်ခြင်း၊ အိမ်ထောင်မှု ထိန်းသိမ်းနိုင်မှုအပေါ် အကဲဖြတ်ရွေးချယ်လေ့ရှိကြပါတယ်။ 



အသက်မွေးဝမ်းကြောင်း


ဆလုံလူမျိုးများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေးကြဘဲ ရေလုပ်ငန်း၊ ပုလဲလုပ်ငန်းတို့ဖြင့် အသက်မွေးလေ့ရှိကြပါတယ် ။ ဆောင်းရာသီ လှိုင်းလေ ငြိမ်သက်တဲ့အချိန်မှာ ပင်လယ်ရေထွက် သယံဇာတတွေ ဖြစ်တဲ့ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်တွေကို ရှာဖွေပြီး တာရှည်ခံစေဖို့ အခြောက်လှန်း ပြုပြင်စုဆောင်းရောင်းချ ကာ အသက်မွေးဝမ်းကြောင်း ပြုလေ့ရှိတာကိုတွေ့ရှိရပါတယ်၊


ကိုးကွယ်ယုံကြည်မှု 


ဆလုံလူမျိုးတွေဟာ လောဘ ၊ ဒေါသနည်းပါးပြီး ဘာသာအယူဝါဒအရ ရိုးရာနတ် တူဒါး ( ခေါ် ) ကောင်းကျိုးပေးသောနတ်နဲ့ ကတွိုင်း ( ခေါ် ) ဆိုးကျိုးပေးသောနတ်တို့ ရှိတယ်လို့ ယုံကြည်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဆိုးကျိုးပေးသော ကတွိုင်းနတ်ကို ကောင်းကျိုးအလို့ငှာ နှစ်စဉ်မြန်မာသင်္ကြန်ပွဲတော်အပြီး ဧပြီလ နှောင်းပိုင်းမှာ နတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ကြလေ့ရှိကြပါတယ် ။ 

နတ်ဆရာဟာ ဆလုံလူမျိုးတို့ရဲ့ အခရာဖြစ်ပြီး ပျော်ပွဲရွှင်ပွဲတွေကိုသာမက ဖျားနာတဲ့အခါ ( သို့ ) တစ်ဦး တစ်ယောက်သေဆုံးတဲ အခါမှာ နတ်ဆရာရဲ့ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိကြပါတယ်။





ဆလုံလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ ခေတ်မီ နည်းပညာတွေ အသုံးမပြုပါဘဲနဲ့ ပင်လယ်နဲ့ ရေသတ္တဝါတွေ အကြောင်းလက်တွေ့ဆန်စွာ သိရှိကျွမ်းကျင်ပြီး ပင်လယ်ပျော်များပီပီ ပင်လယ်ကို ချစ်ခင်မြတ်နိုးတတ်သူများဖြစ်ပါတယ်။ ပင်လယ်ရှိတဲ့ ဒေသတွေမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြပြီး လွတ်လပ်ပျော်ရွှင် အနှောင်အဖွဲ့ ကင်းမဲ့စွာဖြင့် အလိုရမ္မက် လောဘနည်းပါးကာ ရိုးသားစွာဘဝကို ဖြတ်သန်းသွားလာ နေထိုင်နေကြသော မျိုးနွယ်စုတစ်စု ဖြစ်ပါတယ်။ 

အင်မတန်မှရှားပါးလှပြီး မည်သည့်အရပ်ဒေသတွင်မျှမရှိနိုင်တဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထူးခြားတဲ့ ပင်လယ်ပျော်လူသားမျိုးနွယ်စုဖြစ်သည့် ဆလုံ(ခေါ်) မော်ကင်း Mawken (သို့) Sea Gypsies ခေါ် များထံသို့ အခါအခွင့်သင့်ပါက သွားရောက်လည်ပတ်လေ့လာကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


Share

Loading Next Article...
က္က