ဂျပန်နဲ့ပွဲမှာ ခရိုအေးရှားဂိုးသမားလီဗာကိုဗစ်က အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ တဖက်တဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာ သူ့ရဲ့ လက်စွမ်းပြမှုနဲ့ ဂျပန်ဘက်က ကန်သွင်းမှု ၃ ကြိမ်အထိကို ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ခရိုအေးရှားကစားသမားတွေ ကန်သွင်းချိန်မှာ ဘာဖိအားမှမရှိတော့ဘဲ အလွယ်တကူနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂျပန်နည်းပြက အသင်းသားတွေကို အားပေးစကားပြောကြားနေတုန်း လီဗာကိုဗစ်ရဲ့ အပြုအမူက ချီးကျူးအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဂျပန်အသင်းသားတွေကို နည်းပြမိုရီယာဆုက အားပေးမှုတွေပြောဆိုနေချိန်မှာ လီဗာကိုဗစ်က မိုရီယာဆုနောက်ကနေ လက်နှစ်ဖက်ထောင်ပြကာ ဂျပန်ကစားသမားတွေကို တောင်းပန်ကြောင်း အမူအယာလုပ်ပြသွားခဲ့တာပါ။
သူ့ရဲ့ လက်စွမ်းပြမှုကြောင့် ဂျပန်ပြိုင်ပွဲကထွက်ခဲ့ရပြီး ဂျပန်ကစားသမားတွေလည်း စိတ်ဓာတ်ကျနေချိန်မှာ သူက ထောင်လွှားဝံ့ကြွားတာမျိုးမရှိဘဲ သူ့ကြောင့်အခုလိုဖြစ်ရတဲ့အတွက် တောင်းပန်မှုတွေတောင်မှ လုပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအပြုအမူကို အားလုံးက ချီးကျူးနေကြပြီး တကယ်ကို ခံစားရတဲ့အခိုက်အတန့်ဖြစ်ခဲ့ရပြီး ဂိုးသမားလီဗာကိုဗစ်ရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုပါတယ်လို့လည်း ရေးသားပြောဆိုခဲ့ကြပါတယ်။
လီဗာကိုဗစ်ဟာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ဒိုင်နမိုဇာဂရက်အသင်းမှာ ကစားနေတာဖြစ်ပြီး အခုအခါမှာတော့ သူ့နာမည်က ထင်ရှားလာခဲ့ပါပြီ။ ခရိုအေးရှားနည်းပြဒါလစ်ကတော့ လေ့ကျင့်ရေးကွင်းမှာ ပင်နယ်တီလေ့ကျင့်မှုတွေပြုလုပ်ခဲ့ချိန် လီဗာကိုဗစ်က ကာကွယ်မှုအများအပြားလုပ်နိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ဂျပန်နဲ့ ပင်နယ်တီကန်ရတော့မယ့်အချိန်မှာ သူ့ရဲ့ ဂိုးသမားလက်စွမ်းပြမယ်ဆိုတာကို သူ ကြိုမျှော်လင့်ထားပြီးဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ခရိုအေးရှားကတော့ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။