ရီးရဲလ်မက်ဒရစ်အသင်းနည်းပြကြီး အန်ဆယ်လော့တီကတော့ ဂျီရိုနာနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို တော်တော်လေးဒေါသထွက်ပေါက်ကွဲနေခဲ့ပါတယ်။ ဂျီရိုနာကို ဂိုးသွင်းယူနိုင်ဖို့ အခက်တွေ့နေခဲ့တဲ့ ရီးရဲလ်ဟာ ဒုတိယပိုင်းမှာ ဗင်နီရှပ်ရဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း ပွဲချိန်မိနစ် ၈၀ မှာ ပင်နယ်တီပေးခဲ့ရကာ ချေပဂိုးပြန်အသွင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ရိုဒရိုင်ဂိုက ရီးရဲလ်အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အဖိုးတန်နိုင်ပွဲရတော့မယ်လို့ ထင်မှတ်ခဲ့ပြီးကာမှ ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ဂိုးမပေးဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။ ဂျီရိုနာဂိုးသမားက ဘောလုံးဖမ်းမိထားချိန်မှာ ရိုဒရိုင်ဂိုက ဂိုးသမားလက်ထဲက ဘောလုံးကို အတင်းဝင်ပိတ်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆခဲ့တာဖြစ်ပြီး အနှေးပြကွက်အရ ဂိုးသမားဟာ လက်တဖက်တည်းနဲ့သာ ဖမ်းဆုပ်ထားသေးတဲ့အချိန်တော့ဖြစ်ခဲ့ပါတယ်။
ပွဲပြီးအင်တာဗျူးမှာ အန်ဆယ်လော့တီက "ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရတာမျိုး ကျနော်မလုပ်တတ်ပါဘူး၊ ဒါပေမယ့် ဒီနေ့တော့ ပြောရပါမယ်၊ ဒါက ပင်နယ်တီမဟုတ်တာ သေချာပါတယ်၊ ဘောလုံးက အဆန်စီယိုရဲ့ ရင်ဘတ်နဲ့ ထိခဲ့တာပါ၊ ဒါအရမ်းရှင်းပါတယ်၊ ကျနော့်အတွက် ဒီနေ့ပွဲ အကောင်းဆုံးကစားသမားက ကွင်းလယ်ဒိုင်ပါ၊ ဒါက ထင်ရှားပါတယ်"
"ဘောလုံးမပါဘဲ သူက ဝင်ကစားခဲ့တာပါ၊ ဒီပွဲမှာ နှစ်ဖက်အသင်းသားတွေထက် သူကပိုပြီးတော့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်၊ သူ့ကို အကောင်းဆုံးဆုပေးဖို့ ကျနော်မျှော်လင့်ပါတယ်" လို့ ပြင်းပြင်းထန်ထန်ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ အနိုင်ဂိုးရဖို့အတွက် အားထုတ်နေချိန်မှာ ကွင်းလယ်လူတိုနီခရူးစ်လည်း နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး သူ့ကစားသမားဘ၀တလျှောက် ပထမဆုံးအနီကတ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲကိုသရေကျခဲ့လို့ ရီးရဲလ်ဟာ စပိန်လာလီဂါမှာ ဘာစီလိုနာထက် တမှတ်သာ အသာရရှိတော့တာဖြစ်ပြီး အဆင့် ၁ နေရာအတွက်တော့ အကြိတ်အနယ်ဖြစ်နေပြီဖြစ်ပါတယ်။