ခရိုအေးရှားနဲ့ပွဲမှာ အဆုံးအဖြတ်ပင်နယ်တီကန်သွင်းယူချိန် လွဲချော်ခဲ့တဲ့ ရိုဒရိုင်ဂိုက သူ့ရဲ့ စီနီယာကစားသမားဖြစ်တဲ့ နေမာကို တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်စတာဂရမ်ကတဆင့် သူက နေမာကို တောင်းပန်ကြောင်း ပြောဆိုခဲ့တာဖြစ်ပြီး အခုအခါမှာ နေမာက ဒီလိုမျိုးတွေတောင်းပန်နေစရာမလိုဘူးလို့ ပြန်လည်ပြောဆိုခဲ့ကာ အတူတူဆက်လက်ကြိုးစားမယ်လို့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။
ရိုဒရိုင်ဂိုဟာ ဘရာဇီးလ်အတွက် ပထမဆုံးပင်နယ်တီကန်သွင်းသူဖြစ်ပြီး သူ့ရဲ့ကန်သွင်းချက်ကို ခရိုအေးရှားဂိုးသမားလီဗာကိုဗစ်က ကာကွယ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရိုဒရိုင်ဂိုက နေမာနဲ့အတူ ငိုကြွေးနေခဲ့ပြီး သူ့ကို အခြားသောစီနီယာကစားသမားတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဖြစ်သူ ခရိုအေးရှားကွင်းလယ်လူမိုဒရစ်ကပါ နှစ်သိမ့်ခဲ့ရပါတယ်။
"ရိုဒရိုင်ဂို၊ ငါ့ညီအကိုရေ၊ မင်း ငါ့ကို ပြောခဲ့တာတွေကို ငါ ကြားရပါတယ်၊ မင်းက အံ့အားသင့်စရာကောင်လေးဖြစ်ပြီး မင်းရဲ့ ကစားသမားဘ၀မှာ ငါပါဝင်ပတ်သတ်ခွင့်ရလို့ ဂုဏ်ယူမိတယ်၊ ငါက မင်းရဲ့ စံပြကစားသမားပါလို့ မင်းပြောတာကို နားထောင်ပြီး မင်းက ဘရာဇီးလ်ရဲ့ အကောင်းဆုံးတွေထဲက တယောက်ဖြစ်လာတာကို စောင့်ကြည့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်"
"ပင်နယ်တီလွဲတယ်ဆိုတာ ကန်သွင်းရဲတဲ့သူတွေအတွက်ပဲ ဖြစ်လာတာပါ၊ ငါလည်း ပင်နယ်တီအများကြီးလွဲခဲ့ဖူးတယ်၊ အဲဒီကနေပဲ သင်ယူခဲ့ရတာပါ၊ ဒါပေမယ့် ငါက ဘယ်တော့မှ လက်လျှော့မရှုံးမပေးခဲ့ဘူး၊ အမြဲတမ်းပိုကောင်းအောင် ကြိုးစားခဲ့တယ်၊ ငါ့ကို မင်းတောင်းပန်နေစရာမရှိပါဘူး၊ မင်းရူးများရူးနေလို့လား၊ ပင်နယ်တီကန်သွင်းရဲတဲ့သူတွေသာ ပင်နယ်တီလွဲချော်တာကို ကြုံတွေ့ဖူးတာပါကွ၊ မင်းက သားရဲတကောင်ပဲ"
"ဘယ်လိုကန်သွင်းရမလဲဆိုတာ ငါ နောက်ကျရင် သင်ပေးပါ့မယ်၊ ငါတို့အတူတူရှိနေပါတယ်၊ ဂရုစိုက်ပါ ငါ့ညီ" လို့ နေမာက ရေးသားပြောဆိုခဲ့တာပါ။ ဘရာဇီးလ်ကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို မတက်ရောက်နိုင်တာ နှစ်ပေါင်းအားဖြင့် ၂၀ ရှိခဲ့ပြီဖြစ်ပါတယ်။