ဟာလန်းက ဂွန်ဒိုဂန်ကို ပင်နယ်တီပေးကန်ခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လိဒ်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ သူ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဟာလန်းနဲ့ ဂွန်ဒိုဂန်တို့ နှစ်ယောက်ကို ဒေါသပေါက်ကွဲခဲ့ရပါတယ်။ ဒီပွဲမှာ ဂွန်ဒိုဂန်က မန်စီးတီးရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့တာပါ။



ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဖိုဒန်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဂွန်ဒိုဂန် ကန်သွင်းတဲ့နေရာမှာ ဂိုးမဝင်ခဲ့တဲ့အပြင် လိဒ်စ်ရဲ့ ချေပဂိုးကြောင့်လည်း မန်စီးတီးရဲ့ ရလဒ်ပိုင်းအတွက် စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးတဲ့အထိ မန်စီးတီးတို့ အနိုင်ဂိုးကို ထိန်းကစားနိုင်ခဲ့ပါတယ်။


ပုံမှန်အားဖြင့်ဆိုရင် ဟာလန်းက မန်စီးတီးရဲ့ ပင်နယ်တီတွေကို ပင်တိုင်ကန်သွင်းနေကျဖြစ်ပြီး ဒီပွဲမှာတော့ ဟက်ထရစ်ရနိုင်တဲ့ ဂွန်ဒိုဂန်ကို ကန်ခွင့်ပေးလိုက်တာပါ။ ဒါပေမယ့် ဂွန်ဒိုဂန်က ပင်နယ်တီမဝင်ခဲ့ဘဲ့ ဟာလန်းကိုလည်း နည်းပြ ဂွါဒီယိုလာက ကွင်းအတွင်းမှာတင် ဆူပူအော်ဟစ်ခဲ့ပါတယ်။

ဂွါဒီယိုလာက “အာလင် (ဟာလန်း) မင်းကန်ရမှာ၊ မင်းကန်ရမှာ” ဆိုပြီး အော်ဟစ်ပြောဆိုခဲ့တာကို ပရိသတ်တွေ အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း ဂွါဒီယိုလာက “ပွဲက ၁-၀ ဂိုးပဲဖြစ်ဖြစ်၊ ၂-၀ ဂိုးပဲဖြစ်ဖြစ်၊ ပင်နယ်တီကန်ခွင့်ရရင် အဓိက ကန်သွင်းနေကျ ကစားသမားပဲ ကန်သွင်းရမယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်ဆီမှာ ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက ပင်နယ်တီ ယူကန်ခဲ့တဲ့ ဂွန်ဒိုဂန်ကိုလည်း ဒေါသထွက်ခဲ့ဟန်ရှိပြီး အဆိုပါ ကစားသမားကို လူစားလဲပြီးတဲ့နောက် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိတာကို ပရိသတ်တွေ သတိထားမိခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ရိုဒရီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး နှစ်ယောက်အကြားမှာ ဆက်ဆံရေး အေးခဲနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဂွန်ဒိုဂန်ကတော့ ပင်နယ်တီမဝင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က