အသင်းရဲ့ပင်နယ်တီတာဝန်နဲ့ပတ်သက်လို့ ပိုချက်တီနိုက ဖွင့်ဟလာခဲ့တာပါ။

PSG နည်းပြ ပိုချက်တီနိုက သူ့အသင်းရဲ့ ပင်နယ်တီတာဝန်အတွက် ကွင်းထဲမှာ ကစားသမားတွေစိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ မနေ့က ဘရုဂေးနဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပိုချက်တီနိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ အမ်ဘာပေက ဟက်ထရစ်ရနိုင်ပေမယ့် မက်ဆီကိုသာ ပင်နယ်တီပေးကန်ခဲ့တာပါ။



ဘရုဂေးကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အမ်ဘာပေနဲ့မက်ဆီတို့ တယောက် (၂) ဂိုးစီသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပွဲအပြီးမှာလည်း အသင်းရဲ့ ပင်နယ်တီတာဝန်နဲ့ ပတ်သက်လို့ ပိုချက်တီနိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုက “မက်ဆီရော၊ အမ်ဘာပေရော တယောက် (၂) ဂိုးစီသွင်းနိုင်လို့ ကျနော် ပျော်ရွှင်မိပါတယ်။ သူတို့က တိုက်စစ်ကစားသမားတွေပါ။ ဘယ်သူက ဂိုးသွင်းဖို့ လိုအပ်လဲဆိုတာလည်း သိကြပါတယ်”

“သူတို့ရဲ့အရည်အချင်းနဲ့ ပင်နယ်တီကို ကြိုက်တဲ့သူကန်လို့ရပါတယ်။ ဘယ်သူကန်မလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်တာပါ။ ဘယ်သူက ဂိုးအလိုအပ်ဆုံးလဲ၊ ဘယ်သူက ယုံကြည်ချက်အရှိဆုံးလဲပေါ့။ ဒါကို ကွင်းထဲမှာ သူတို့ဘာသာ ဆုံးဖြတ်ခွင့်ရှိပါတယ်”

“မက်ဆီ၊ အမ်ဘာပေ၊ နေမာ၊ ဒီမာရီယာ၊ မာကွင်ဟို့စ်၊ ဗာရက်တီတို့ ပင်နယ်တီကန်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီအခိုက်အတန့်တခုမှာတော့ ယုံကြည်ချက်ရှိပြီး တာဝန်ယူရပါမယ်။ ဒီလိုမျိုး အချင်းချင်း ယုံကြည်ချက်ရှိတာက သူတို့ရဲ့ အရည်အချင်းကို ပိုတိုးတက်လာစေမယ်၊ ကစားသမားတွေကြားထဲ ပိုမိုရင်းနှီးလာစေမယ်၊ လေးစားမှုပိုရှိလာမယ်လို့ ကျနော် ယုံကြည်ပါတယ်”

“မျိုးစေ့ချပြီးပါပြီ။ အပင်ပေါက်လာဖို့ပဲ လိုအပ်ပါတော့တယ်။ အချိန်တခုယူပြီးရင် အပင်ပေါက်လေးဖြစ်လာမယ်၊ သစ်ပင်တပင်ဖြစ်လာပြီး လှပတဲ့ ပန်းလေးတွေ ပွင့်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က