နိုင်ဂျီးရီးယားပြည်တွင်းဖလားပွဲ ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ မြင်တွေ့ခဲ့ရတဲ့ ပင်နယ်တီကန်သွင်းပုံကြောင့် လုပ်ပွဲသံသယနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ အိုဂန်ပြည်နယ်ဖလားပွဲရဲ့ ဗိုလ်လုပွဲမှာ ရီမိုစတားစ်နဲ့ဂျီဘူယူနိုက်တက်တို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
အဲ့ဒီပွဲက ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ပြီး ပင်နယ်တီကန်သွင်းတဲ့နေရာမှာတော့ ပရိသတ်တွေအနေနဲ့ ထူးထူးဆန်းဆန်း မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတာပါ။ ဂျီဘူယူနိုက်တက် ကစားသမားရဲ့ ပင်နယ်တီကန်ချက်တကြိမ်ကို ရီမိုစတားစ် ဂိုးသမားက လှုပ်တောင်မလှုပ်ဘဲ မတ်တပ်ရပ်ကြည့်နေခဲ့ပါတယ်။ ပိုပြီးဆိုးရွားတာကတော့ ရီမိုစတားစ်ဘက်က ကစားသမား ပင်နယ်တီကန်တာပဲဖြစ်ပါတယ်။
အဆိုပါ ကစားသမားဟာ ပင်နယ်တီကို ဂိုးပေါက်နဲ့ဘာမှမဆိုင်တဲ့နေရာ၊ ကွင်းဘေးစည်းဘက်ကို ကန်ထုတ်ပစ်ခဲ့တာပါ။ အဲ့ဒီနောက် သူ့ရဲ့ပင်နယ်တီလွဲချော်မှုအတွက် အံ့အားသင့်နေတဲ့ အမူအရာမျိုးကိုတောင် လုပ်ပြသွားခဲ့ပါသေးတယ်။ ရီမိုစတားစ်ဟာ ပင်နယ်တီအဆုံးအဖြတ်မှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဂျီဘူယူနိုက်တက်က ဖလားရဗိုလ်စွဲသွားခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ ရီမိုစတားစ်ကစားသမားတွေဟာ လုပ်ပွဲကစားခဲ့တာမဟုတ်ဘဲ ပွဲကိုကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေကို မကျေနပ်တာကြောင့် အခုလိုမျိုးပဲ ပင်နယ်တီအဆုံးအဖြတ်မှာ တမင်ရှုံးနိမ့်အောင် ဖန်တီးခဲ့တာလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ ပရိသတ်တွေကတော့ ဒါဟာ လုပ်ပွဲသာဖြစ်ကြောင်း တထစ်ချ ပြောဆိုနေကြပါတယ်။
အာဖရိကတိုက်က ဘောလုံးပွဲတွေဟာ လုပ်ပွဲကိစ္စတွေနဲ့ နာမည်ကြီးပြီး မကြာခင်ကလည်း တပွဲတည်းမှာ နှစ်သင်းပေါင်း ဂိုးပေါင်း (၁၀၀) ကျော် သွင်းယူခဲ့တဲ့ ကိစ္စရပ်တွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်တွေကိုလည်း သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေဘက်က လုပ်ပွဲသံသယနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အခု ရီမိုစတားစ်ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့တော့ အသင်းဘက်က မှတ်ချက်တစုံတရာမပေးခဲ့ပါဘူး။