မနေ့ညက ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ ဂျော်ဂျင်ဟို အကြီးအကျယ် လှောင်ပြောင်ခံနေရတာပါ။

မနေ့ညက (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီတလီနဲ့ဆွစ်ဇာလန်တို့ ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဂျော်ဂျင်ဟိုက ပင်နယ်တီရရှိခဲ့ပေမယ့် ဒီပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေကျနေပြီး ပွဲပြီးခါနီးမှာ ပင်နယ်တီရရှိခဲ့တာဖြစ်ပေမယ့် ဂျော်ဂျင်ဟိုတစ်ယောက် အခုလိုမျိုး ရုပ်ပျက်ဆင်းပျက် လွဲချော်ခဲ့တာပါ။



အီတလီဟာ ဒီပွဲမှာနိုင်ပွဲပျောက်ခဲ့တာကြောင့် ကာတာကမ္ဘာ့ဖလားကို တိုက်ရိုက်သွားရောက်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ မြောက်အိုင်ယာလန်နဲ့ပွဲအထိ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပင်နယ်တီကို ဖြစ်သလို လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုအပေါ် ဝေဖန်သံတွေ ဆူညံနေတာပါ။

ဂျော်ဂျင်ဟိုဟာ (၂၀၂၁) ဘလွန်းဒီအော်ဆုအတွက် နာမည်ထွက်နေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပြီး အခု ဆွစ်ဇာလန်နဲ့ပွဲမတိုင်ခင်မှာပဲ ဂိုးမသွင်းတဲ့ ကစားသမားတွေကိုလည်း ဘလွန်းဒီအော်ဆုပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခုလို ပင်နယ်တီလွဲတဲ့အချိန်မှာတော့ ပိုမို လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီ လက်ရွေးစင်နည်းပြ မန်စီနီကတော့ “ကျွန်တော်တို့ ဆွစ်ဇာလန်နဲ့ ပထမအကျော့မှာလည်း ပင်နယ်တီ လွဲခဲ့ပြီး အခုတစ်ခါပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဂျော်ဂျင်ဟိုက သူမှန်တယ်ထင်တဲ့ ပုံစံမျိုးနဲ့ ကန်ခဲ့တာပါ။ သူက အသင်းမှာ ပင်နယ်တီအကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ”

“ပထမပိုင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပြီး ချေပဂိုးတော့ ပြန်ရခဲ့ပေမယ့် အနိုင်ဂိုးမရခဲ့ပါဘူး” လို့ ကာကွယ်ပေးခဲ့ပါတယ်။ အီတလီအသင်းဖော် နောက်ခံလူ ဒီလော်ရန်ဇိုကလည်း “ဂျော်ဂျင်ဟိုက ထိပ်တန်းချန်ပီယံတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပင်နယ်တီ ကန်သွင်းနေကျ ကစားသမားပါ”

“သူ ဒီအခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ ကူညီပေးသွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း ပင်နယ်တီလွဲချော်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ ဒီပွဲမတိုင်ခင် ပထမအကျော့မှာလည်း ပင်နယ်တီလွဲခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က