အယ်ဘ်ဟာအသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုပါဝင်နေတဲ့ အယ်လ်နာဆာဟာ ပွဲချိန် ၇၈ မိနစ်အထိ ၁-၀ နဲ့ အရေးနိမ့်နေခဲ့ပြီး ရော်နယ်ဒိုက အလွတ်တည်ကန်ဘောကနေ ချေပဂိုးသွင်းယူပေးခဲ့ကာ ပွဲပြီးခါနီးမှာ ပင်နယ်တီရရှိခဲ့ပြီး တယ်လစ္စကာက အပိုင်ကန်သွင်းယူခဲ့လို့ အယ်လ်နာဆာတို့ နိုင်ပွဲရခဲ့ပြီး အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုက သူမသွင်းနိုင်တာ အတန်ကြာပြီဖြစ်တဲ့ အလွတ်တည်ကန်ဘောကနေ ဂိုးရခဲ့သလို အသင်းဖော်တယ်လစ္စကာကိုလည်း ပင်နယ်တီပေးကန်ခဲ့လို့ ချီးကျူးခံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် သူ ကန်သွင်းနေကျဖြစ်ပေမယ့် ဒဏ်ရာကြောင့် အနားယူနေရတဲ့ တယ်လစ္စကာကို ဦးစားပေးခဲ့ပြီး ရွှေဖိနပ်ဆုအတွက်ပါ မျှော်လင့်ချက်တွေရှိနေစေခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တယ်လစ္စကာက "သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးပါ၊ အများကြီးလေးစားဖို့ကောင်းပါတယ်၊ ပင်နယ်တီရချိန်မှာ ကျနော့်ကို သူက တွန်းလွှတ်ခဲ့ပြီး ကျနော့်အပေါ်ထားတဲ့ သူ့ရဲ့ လေးစားမှုကို ပြသခဲ့ပါတယ်၊ ကျနော်ပွဲမကစားရတာ ကြာပြီဖြစ်လို့ ဂိုးတွေလိုနေတာကို သူ နားလည်ထားပါတယ်"
"ကျနော်တို့က မိသားစုတခုပါ၊ ဒါက အမှန်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ တယ်လစ္စကာဟာ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ပြိုင်ဘက်ကစားသမားနဲ့ သွင်းဂိုးတဂိုးတည်းသာ ကွာဟတော့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ရေးကြီးအချိန်အခါမှာ အသင်းဖော်ကို ယုံကြည်မှုအပြည့်ပေးခဲ့တာလည်းဖြစ်ပြီး တယ်လစ္စကာကလည်း အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပါတယ်။