သူ့ ကစားသမားကို ပြတ်ပြတ်သားသားသတိပေးလိုက်တာပါ။

အင်ဒိုနီးရှားအသင်းကတော့ အိမ်ရှင်စင်ကာပူကို နှစ်ကျော့ပေါင်းရလဒ် ၅-၃ နဲ့ ဆီမီးဖိုင်နယ်မှာ အနိုင်ယူပြီး ဆူဇူကီးဖလားဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒုတိယအကျော့ကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့သလို စင်ကာပူက ကစားသမား ၃ဥိးအထိ ထုတ်ပယ်ခံခဲ့ရကာ အကောင်းဆုံးအားထုတ်ကြိုးစားခဲ့ပေမယ့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

၂-၂ ဆိုတဲ့ ရလဒ်ဖြစ်နေချိန် ပွဲကစားချိန် မိနစ် ၉၀ မှာတော့ စင်ကာပူတို့ ပင်နယ်တီရရှိခဲ့ပြီး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပါက ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် လွဲချော်ခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အဆိုပါပင်နယ်တီကို စင်ကာပူကစားသမား ဖာရစ်က ကန်သွင်းယူခဲ့တာဖြစ်ပြီး လွဲချော်ခဲ့ချိန်မှာ အင်ဒိုကစားသမား အက်စ်နဝီက ဖာရစ်ရှေ့သွားတာ အောင်ပွဲသွားခံခဲ့ပါတယ်။

အဆိုပါအပြုအမူနဲ့ပတ်သက်ပြီး အင်ဒိုနည်းပြရှင်တေးယွန်က သူ့ရဲ့ကစားသမားကို နောက်တကြိမ်ဒီလိုမပြုမူဖို့ သတိပေးခဲ့ပြီး ထပ်လုပ်ခဲ့မယ်ဆိုရင် လက်ရွေးစင်အသင်းမှာ ရွေးချယ်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ကြောင်း အင်ဒိုမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သူ့ကစားသမားရဲ့လုပ်ရပ်အတွက် တောင်ကိုရီးယား လူမျိုးနည်းပြဖြစ်သူက တော်တော်လေးဒေါသထွက်နေတယ်လို့သိရပြီး ဒီလိုလုပ်ရပ်မျိုးကို လက်သင့်မခံဘူးလို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ 

"နောက်တကြိမ်ကွင်းထဲမှာ ဒီလိုမျိုးလုပ်တာ ငါမမြင်ချင်ဘူး၊ ဒီလိုလုပ်တာကို မြင်ရတော့ ကျနော် အံ့အားသင့်မိပါတယ်၊ သူ့ကိုလည်း ဒေါသထွက်ခဲ့ပြီး ပွဲအပြီးနေ့လည်စာစားအပြီးမှာ မင်း ဒီလိုထပ်လုပ်မယ်ဆိုရင် လက်ရွေးစင်အသင်းမှာ​ ရွေးချယ်ခံရဖို့ မမျှော်လင့်နဲ့တော့လို့ ကျနော်ပြောခဲ့ပါတယ်" လို့ ရှင်တေးယွန်က ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာ The JoongAng က ဖော်ပြခဲ့ပါတယ်။ 

"ဖာရစ်က ပင်နယ်တီမဝင်လို့ ခံစားနေရမှာပါ၊ ကွင်းထဲက ကစားသမားအားလုံးက လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်၊ အက်စ်နာဝီကတော့ သူ ဒီလိုထပ်မလုပ်ဘူးလို့ ကျနော့်ကို ကတိပေးခဲ့ပါတယ်" လို့ ရှင်တေးယွန်က ထပ်မံပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားကတော့ ထိုင်းအသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။ 

Share

က္က