ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ သူ့အသင်းအနေနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးကို အနိုင်ယူဖို့အတွက် စဥ်းစားစီစဥ်ထားတာမျိုး မရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဒီနေ့ညမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အင်္ဂလန်မြေမှာ ရင်ဆိုင်ရမှာပါ။
ရီးရဲလ်မက်ဒရစ်အနေနဲ့ မန်စီးတီးကွင်းကို လာရောက်တိုင်း အခြေမလှတာကို ဒီပွဲမှာ ပြောင်းလဲပစ်ဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ပထမအကျော့မှာလည်း တစ်ဂိုးစီသရေကျခဲ့တာကြောင့် နှစ်သင်းလုံးအတွက် ဘယ်သူ ဗိုလ်လုပွဲတက်မယ်ဆိုတာကို ယတိပြတ်ပြောလို့မရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဒုတိယအကျော့ပွဲကို အကြိတ်အနယ်ရှိဖို့ ပရိသတ်တွေက မျှော်လင့်ထားပြီး ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိနိုင်တဲ့အထိပါ မျှော်လင့်ထားကြပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက မန်စီးတီးနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူဖို့အတွက်လား? ကျွန်တော်တို့ ဒါကို မစဥ်းစားထားပါဘူး။ ဒီလိုမျိုး စဥ်းစားထားရင် မှားသွားမှာပေါ့ဗျာ။ ကျွန်တော်တို့လည်း ပင်နယ်တီကို မလေ့ကျင့်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်ကွင်းထဲရောက်ရင် ရှိနေမယ့် အနေအထားကို လေ့ကျင့်ရေးကွင်းမှာ အတုခိုးဖို့ဆိုတာ ခက်ပါတယ်” လို့ ပြောာကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ အချိန်ပိုအထိ ရောက်ရှိခဲ့ပြီး မန်စီးတီးက အချိန်ပို သွင်းဂိုးတွေနဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်ကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အန်ဆယ်လော့တီက အသင်းရဲ့လူစာရင်းပေါက်ကြားမှုအပေါ် ဖွင့်ဟလာခဲ့ပါတယ်။ အန်ဆယ်လော့တီက “ရူဒီဂါ ပွဲထွက်ခွင့်ရမယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး”
“ကျွန်တော့်အထင် ရိုဒရီဂိုအကြောင်း ပြောခဲ့ကြတာထင်ပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို မလွယ်ကူပေမယ့် ကျွန်တော် ဒီအတွက် ဆုံးဖြတ်ချက်ချပြီးပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ဝါရင့်နည်းပြကြီးက “ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကလိုမျိုး အရေးကြီးတဲ့အရာကို လုပ်နိုင်ဖို့ နီးစပ်နေပါပြီ။ ဒီအတွက်လည်း အားလုံးက စိတ်ဓာတ်တက်ကြွနေပါတယ်”
“ဒါက ရှုပ်ထွေးခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ဒီအချက်ကပဲ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ကူညီပေးနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ စပိန်ဘုရင့်ဖလားကို ဆွတ်ခူးထားခဲ့ပြီးဖြစ်ပြီး နောက်ထပ် အဓိကဆုဖလားတစ်လုံးဖြစ်တဲ့ ချန်ပီယံလိဂ်ကို ဆက်လက်ရယူနိုင်ဖို့ ဒီနေ့ညမှာ မန်စီးတီးကို ကျော်ဖြတ်နိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။