ဆီနီဂေါပရိသတ်တွေက လေဆာတွေနဲ့ ထိုးခဲ့ကြတာပါ။

ဆီနီဂေါ နဲ့ အီဂျစ်တို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အဆုံးအဖြတ်ပွဲစဉ်ကတော့ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ အီဂျစ်တို့အရေးနိမ့်ခဲ့ပြီး အာဖရိကဖလားရှုံးကြွေးကိုလည်း ပြန်မဆပ်နိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဖလားကိုလည်း ပရိသတ်အဖြစ်နဲ့သာ ကြည့်ရတော့မှာမို့ ဆီနီဂေါကို အကြွေးနှစ်ထပ်ကွမ်းတင်သွားခဲ့ပြီဖြစ်ပါတယ်။ 

ဆီနီဂေါက ပွဲအစ ၄ မိနစ်မှာ ရရှိခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒီအတိုင်းပြီးဆုံးခဲ့ပါတယ်။ ဒီနှစ်သင်းဟာ အာဖရိကဖလားမှာလည်း ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ဒီတကြိမ်လည်းအလားတူဖြစ်ခဲ့ကာ အီဂျစ်ပဲ ထပ်ရှုံးခဲ့ရတာပါ။ ဒါပေမယ့် အီဂျစ်ဘက်က ပင်နယ်တီပထမဆုံးကန်သွင်းခဲ့တဲ့ ဆာလာကန်သွင်းချိန်မှာတော့ ဆီနီဂေါပရိသတ်တွေက လေဆာနဲ့ ဝိုင်းထိုးခဲ့ကြပါတယ်။ 



ပုံမှန်ပွဲချိန်အတွင်းမှာကတည်းက ဆီနီဂေါပရိသတ်တွေက လေဆာနဲ့ထိုးခဲ့ပြီး အနှောင့်အယှက်ပေးခဲ့ကြတာပါ။ ပင်နယ်တီကန်သွင်းချိန်မှာတော့ ဒါဇင်နဲ့ချီတဲ့ လေဆာပွိုင့်တွေဟာ ဆာလာရဲ့ မျက်နှာပေါ်ကို ကျရောက်လာခဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခံခဲ့ရပါတယ်။ ဆာလာ ကန်သွင်းချိန်မှာတော့ ဘောလုံးက မိုးပေါ်ထောင်တက်သွားခဲ့ကာ လွဲချော်သွားခဲ့ပါတယ်။ 

ဒီလိုမျိုး လေဆာနဲ့ ဝိုင်းဝန်းထိုးနေမှုကို အီဂျစ်ပရိသတ်တွေနဲ့ အခြားပရိသတ်တချို့ကတော့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပင်နယ်တီကန်သွင်းခါနီးမှာ အခုလိုမျိုးပြုမူခဲ့တဲ့အပေါ် အံ့အားသင့်နေခဲ့ကြပြီး တစုံတရာတားဆီးဟန့်တားတာမျိုးလည်းမရှိဘူးလားလို့မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

ဆာလာရဲ့ လီဗာပူးလ်အသင်းဖော်မာနေးကတော့ ဆီနီဂေါအတွက် နောက်ဆုံးပင်နယ်တီကို ကန်သွင်းခဲ့ပြီး အဆုံးအဖြတ်သွင်းဂိုးဖြစ်ခဲ့ပါတယ်။ မာနေးဟာ အာဖရိကဖလားတုန်းကလည်း အနိုင်ရစေမယ့် ပင်နယ်တီဂိုးရှင်ဖြစ်ခဲ့ပြီး ဒီတကြိမ်လည်း အလားတူစွမ်းဆောင်နိုင်ခဲ့ကာ အသင်းဖော်ဆာလာကို အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ဆက်တိုက်အနိုင်ယူပြီး ဆီနီဂေါကို ပျော်ရွှင်စေခဲ့ပါတယ်။ 


Share

က္က