ပီအက်စ်ဂျီအတွက် မက်ဆီက ဆက်တိုက်ခြေစွမ်းပြနေပါတယ်။

လိုင်ယွန်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် မက်ဆီဟာ ပင်နယ်တီဂိုးမပါဝင်တဲ့ သွင်းဂိုးရယူမှုမှာ ရော်နယ်ဒိုကို ကျော်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁ ဂိုးအသာနဲ့ မက်ဆီက ကျော်ဖြတ်နိုင်ခဲ့ပြီး ရော်နယ်ဒိုထက် ပွဲပေါင်း၁၅၀ အထိ လျော့ကစားခဲ့တာလည်းဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ 

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ လိုင်ယွန်နဲ့ပွဲမှာ ပွဲအစ ၅ မိနစ်မှာပဲ နေမာရဲ့ ဖန်တီးပေးမှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပင်နယ်တီမပါဝင်တဲ့ သွင်းဂိုးအရေအတွက်က ၆၇၂ ဂိုးအထိရှိလာပြီး ရော်နယ်ဒိုက ၆၇၁ ဂိုးဖြစ်လို့ ၁ ဂိုးအသာရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ မက်ဆီက အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြန်လို့ နောက်ဆုံး ၄ ပွဲဆက်တိုက် သူချည်းပဲ ဆွတ်ခူးနိုင်ခဲ့မှုလည်းဖြစ်လာခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ဒီရာသီမှာ ရုန်းကန်နေရသူဖြစ်ပြီး ရှာရစ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးတဂိုးတည်းသာ ရရှိထားသေးသူဖြစ်ပါတယ်။ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့လည်း ရော်နယ်ဒိုက ရုန်းကန်နေရပြီး ကစားကွက်ကတဆင့် သွင်းဂိုးတဂိုးမှမရသေးတဲ့ မှတ်တမ်းကို ချေဖျက်ပြနိုင်ဖို့အတွက် လိုအပ်နေကာ တဖက်မှာ မက်ဆီကတော့ ပြင်သစ်ကလပ်အတွက် ခြေစွမ်းပြနေခဲ့ပါတယ်။ 

မက်ဆီက လီဂူး ၈ ပွဲကစားအပြီးမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်မှာ မက်ဆီက အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက်တော့ မက်ဆီရဲ့ ခြေစွမ်းပြသနေမှုက အားတက်စရာကောင်းနေခဲ့ပါတယ်။ 

မက်ဆီကတော့ ကလပ်သွင်းဂိုးပေါင်း ၆၈၈ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ကာ ရော်နယ်ဒိုကတော့ ၆၉၉ ဂိုးအထိ ရရှိထားလို့ ကလပ်သွင်းဂိုးစုစုပေါင်းမှာတော့ ရော်နယ်ဒိုက ၁၁ ဂိုးအထိ အသာရနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က