ပင်နယ်တီမရလို့ မော်ရင်ဟိုပေါက်ကွဲခဲ့တာပါ။

ရိုးမားနည်းပြမော်ရင်ဟိုဟာ မနေ့ညက ကစားခဲ့တဲ့ အတ္တလန်တာနဲ့ စီးရီးအေပွဲစဥ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း (၅၅) မိနစ်မှာ ဇာနီယိုလိုကို အတ္တလန်တာနောက်ခံလူ အိုကိုလီက ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ပေးဖို့ ငြင်းဆန်နေခဲ့ပါတယ်။



ရိုးမားကစားသမားတွေကတော့ ဒိုင်လူကြီးကို စောဒကတက်နေချိန်မှာပဲ မော်ရင်ဟိုက ဒေါသတကြီးနဲ့ ကွင်းထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒိုင်လူကြီးကလည်း သူ့ကို အနီကတ်ပြသကာ ချက်ချင်းထုတ်ပယ်ခဲ့ပါတယ်။ တော်တော်လေး ဒေါသပေါက်ကွဲနေတဲ့ မော်ရင်ဟိုကို ရိုးမားနည်းပြအဖွဲ့ဝင်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေက ဝိုင်းဝန်းဖျောင်းဖျပြီး ကွင်းထဲကနေ ဆွဲထုတ်ခဲ့ရပါတယ်။


ဒီလိုမျိုး ဆွဲထုတ်တဲ့နေရာမှာတောင် မော်ရင်ဟိုက သူ့ကို လာရောက်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ ပြိုင်ပွဲတာဝန်ရှိသူတယောက်ကို တွန်းထုတ်ခဲ့ပါသေးတယ်။ မော်ရင်ဟိုဟာ ကွင်းလယ်ဒိုင်ကို VAR ကြည့်ပြီး ပင်နယ်တီဖြစ်ရပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အပြုအမူက တော်တော်လေးကို လက်လန်စရာကောင်းခဲ့ပြီး ကွင်းထဲအထိ စိတ်လွတ်ကိုယ်လွတ် ပြေးဝင်လာခဲ့တာပါ။



မော်ရင်ဟို အနီကတ်ထိသွားပြီးတဲ့နောက်မှာ အိုလံပီကိုကွင်းထဲက အိမ်ရှင်ရိုးမားပရိသတ်တွေဟာ မော်ရင်ဟိုရဲ့နာမည်ကို သီချင်းလုပ်ဆိုခဲ့ကြပြီး အားပေးထောက်ခံခဲ့ကြပါတယ်။ မော်ရင်ဟိုတယောက် ဒါမျိုးပြဿနာရှာနေတာတွေက အခုမှတော့မဟုတ်ပါဘူး။ ပူပူနွေးနွေးအနေနဲ့ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီမှာ ကစားခဲ့တဲ့ ဗီရိုနာနဲ့ပွဲမှာလည်း မော်ရင်ဟို အထုတ်ခံခဲ့ရဖူးပါတယ်။

အဲ့ဒီအချိန်တုန်းက မော်ရင်ဟိုကို ခြိမ်းခြောက်တဲ့အပြုအမူ ကျူးလွန်ခဲ့တယ်လို့ စီးရီးအေဘက်က စွဲချက်တင်ကာ ပွဲပယ်ပြစ်ဒဏ် (၂) ပွဲနဲ့ ဒဏ်ကြေးငွေ ယူရို (၂) သောင်း ချမှတ်ခံခဲ့ရပါတယ်။ အခုချိန်မှာတော့ မော်ရင်ဟိုတယောက် ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒီပွဲမှာ ရိုးမားက အဆိုပါဖြစ်ရပ်အတွက် ပင်နယ်တီမရခဲ့တဲ့အပြင် ပထမပိုင်းမှာ အတ္တလန်တာတို့ရရှိခဲ့တဲ့ စကာလ်ဗီနီရဲ့ တလုံးတည်းသောသွင်းဂိုးကြောင့် အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က