ယူနိုက်တက်ပရိသတ်တွေဟာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရသင့်တဲ့ ပင်နယ်တီမရခဲ့တာကြောင့် ကွင်းလယ်ဒိုင်နဲ့ VAR ကို ဝေဖန်ပြစ်တင်နေကြပါတယ်။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ဂျိုအာချင်အန်ဒါဆန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ယူနိုက်တက်အတွက်တော့ ဒါက အိမ်ကွင်းမှာ (၂၅) ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန် ရပ်တန့်ခဲ့ရတာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း (၄) ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ လက်ရှိရာသီမှာ ရမှတ် (၉) မှတ်သာ ရရှိထားပြီး ဒါက နောက်ဆုံး (၄) နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ဖြစ်လာခဲ့ပါတယ်။
ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပွဲကစားချိန်နှောင်းပိုင်းမှာ ပင်နယ်တီရသင့်တဲ့ အခွင့်အရေးတစ်ကြိမ်ရှိခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဝါ့ဒ်ရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင်နဲ့ VAR တို့က မျက်ကွယ်ပြုခဲ့ကြပါတယ်။ တကယ်လို့သာ ဒီဘောလုံးက ဝါ့ဒ်ရဲ့ လက်နဲ့မထိခဲ့ရင် ဘောလုံးက ရပ်ရှ်ဖို့ဒ်ဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားမှာပါ။
ဒီဖြစ်ရပ်အတွက် ယူနိုက်တက် ကစားသမားတွေက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ကြပေမယ့် VAR တောင် ပြန်မကြည့်ဘဲ ပင်နယ်တီကို ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက ဒေါသပေါက်ကွဲပြီး ကွင်းလယ်ဒိုင်နဲ့ VAR ကို ပြစ်တင်ဝေဖန်နေကြတာပါ။
ယူနိုက်တက်ပရိသတ်တွေက “ဝါ့ဒ်က သူ့လက်နဲ့ ရပ်ရှ်ဖို့ဒ်ဆီ ဘောလုံးမရောက်အောင် တားဆီးလိုက်တာ မဟုတ်ဘူးလား။ ဒါက ဘယ်လိုဖြစ်လို့ လက်နဲ့မထိဘူး ဖြစ်သွားတာလဲ” “ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေက ဟာသဖြစ်လာပါပြီ” “ဒီလောက်အထိ ရှင်းလင်းတဲ့ လက်ထိဘောကို တစ်သက်လုံး မမြင်ဖူးပါဘူး။ အဲ့ဒါကို ပင်နယ်တီမပေးဘူးလား။ တကယ့်ဟာသပဲ” လို့ အသီးသီး ပြစ်တင်ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။