အယ်လ်အီတီဟတ်နဲ့ အယ်လ်နာဆာတို့ရဲ့ မနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းအတွက် ခြေစွမ်းပြကာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဂိုးစလုံးကတော့ ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး အယ်လ်နာဆာကလည်း ၂-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီမြေမှာ ပွဲတိုင်းနီးပါး ဂိုးသွင်းခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အခု အယ်လ်အီတီဟတ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြောင့်လည်း ရော်နယ်ဒိုက (၂၀၂၃) ခုနှစ်မှာ သွင်းဂိုးအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ရော်နယ်ဒိုဟာ (၂၀၂၃) ခုနှစ်အတွင်းမှာ သွင်းဂိုး (၅၃) ဂိုးအထိ ရရှိသွားခဲ့တာဖြစ်ပြီး (၅၂) ဂိုးအထိ သွင်းယူထားတဲ့ ဟယ်ရီကိန်း၊ အမ်ဘာပေတို့ကို ကျော်တက်နိုင်ခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးအတွက် (၂၀၂၃) ခုနှစ်အတွင်း သွင်းဂိုး (၅၀) အထိ သွင်းယူထားတဲ့ ဟာလန်းကိုလည်း (၃) ဂိုးအထိ ဖြတ်နိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်း၊ အမ်ဘာပေတို့ရဲ့ သက်ဆိုင်ရာကလပ်တွေဟာ လက်ရှိအချိန်မှာတော့ ဆောင်းရာသီအားလပ်ရက်ကို ရောက်ရှိသွားပြီဖြစ်တာကြောင့် (၂၀၂၃) ခုနှစ်အတွင်း ကစားရမယ့်ပွဲမရှိတော့ပါဘူး။ ဟာလန်းကတော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် (၂) ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။
ရော်နယ်ဒိုကလည်း အယ်လ်နာဆာအတွက် (၂၀၂၃) ခုနှစ်အတွင်း တစ်ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ အယ်လ်အီတီဟတ်နဲ့ပွဲမှာ ရော်နယ်ဒိုအပြင် မာနေးကလည်း သွင်းဂိုးနှစ်ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပါသေးတယ်။