ဒီပွဲမှာ ပင်နယ်တီသုံးလုံးအထိ မြင်တွေ့ခဲ့ရပြီး ချဲလ်ဆီးကတော့ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ အကျပိုင်းကို ရောက်လာတဲ့ ချဲလ်ဆီးအတွက် ဒီပွဲက စိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့ပွဲတပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့သလို ကြားရက် ဇင်းနစ်နဲ့ပွဲမှာလည်း သရေကျခဲ့လို့ ချန်ပီယံလိဂ်ရှုံးထွက်မှာ ပွဲကျပ်နိုင်ခြေတွေနဲ့ ဖိအားများနေတဲ့ အနေအထားပါ။



အထူးသဖြင့် ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ မန်စီးတီးနဲ့ဝုလ်ဗ်ပွဲမှာ မန်စီးတီးနိုင်သွားလို့ ဇယားထိပ်နဲ့ အမှတ်ပိုမပြတ်သွားအောင် အထူးဂရုစိုက်ခဲ့ရပါတယ်။ နောက်တန်းမှာ အက်ဇ်ပီလီကွီတာ၊ ရူဒီဂါနဲ့ သီယာဂိုဆေးလ်ဗားတို့လို ဝါရင့် ကစားသမားတွေကိုပဲ ပွဲထုတ်ခဲ့သလို တိုက်စစ်မှာလည်း ဗာနာ၊ ဟာဗက်ဇ်၊ မေဆင်မောင့်တို့နဲ့ လူစုံခဲ့ပါတယ်။

အလွန်ဆိုရှိတဲ့ ဘယ်ခြမ်းက အားနည်းနေဆဲလို့ဆိုနိုင်ပြီး ကွင်းလယ်မှာလည်း ကန်တေ၊ ကိုဗာဆစ်တို့ မပါဝင်နိုင်တာကြောင့် ဂျော်ဂျင်ဟိုကို လော့ဖ်တပ်ချိခ်နဲ့ တွဲပေးခဲ့ရတာပါ။ လိဒ်စ်ကတော့ တိုက်စစ်မှူးစစ်စစ် မပါဝင်ဘဲ ဒန်နီယဲယ်ဂျိမ်းစ်၊ ဟာရီဆင်၊ ရာဖင်ဟာတို့နဲ့ တိုက်စစ်ကို ပွဲထွက်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဒီပွဲမှာ လိဒ်စ်ဘက်ကို ဖိကစားနိုင်ခဲ့တယ်ဆိုပေမယ့် လိဒ်စ်ကလည်း အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲကစားချိန် (၂၇) မိနစ်မှာတော့ ဒန်နီယဲယ်ဂျိမ်းစ်ကို အလွန်ဆို အဝင်ကြမ်းခဲ့တာကြောင့် လိဒ်စ်တို့ မထင်မှတ်ဘဲ ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ ရာဖင်ဟာက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့လို့ လိဒ်စ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ ကံကောင်းသွားတာက ပထမပိုင်းမပြီးခင် ချေပဂိုးရရှိခဲ့တာဖြစ်ပြီး အလွန်ဆို ဖန်တီးပေးတာကတဆင့် မေဆင်မောင့်က သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပထမပိုင်းမှာတော့ တဖက်တဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးကပဲ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ရာဖင်ဟာ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ ဂျော်ဂျင်ဟို အမှားအယွင်းမရှိကန်သွင်းခဲ့ကာ ချဲလ်ဆီးတို့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ကန်တေမရှိတဲ့ ချဲလ်ဆီးကွင်းလယ်ပိုင်းက ပွဲကို ထိန်းချုပ်တဲ့နေရာ၊ ပွဲအရှိန်ကို အတင်အချလုပ်တဲ့နေရာမှာ လိုအပ်ချက်တွေရှိတာကို တွေ့ရပြီး (၈၂) မိနစ်မှာ လူစားဝင်ကစားသမား ဂဲလ်ဟာ့ဒ်က လိဒ်စ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ပင်နယ်တီကံစပ်နေတဲ့ ချဲလ်ဆီးတို့ နောက်ဆုံးမိနစ်မှာလည်း ပင်နယ်တီထပ်ရခဲ့ပြီး ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုကပဲ အဆုံးသတ်ကန်သွင်းခဲ့တာကြောင့် ချဲလ်ဆီးတို့ လိဒ်စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

က္က