ယူနိုက်တက်ပရိသတ်တွေကတော့ မနေ့ညက ဘန်လေကို တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲက ဖြစ်ရပ်တွေကြောင့် ပုံစံအမျိုးမျိုးနဲ့ စိတ်သောကရောက်နေရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် နောက်ကျပင်နယ်တီကြောင့် အခုလိုပဲ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရတာပါ။
ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို အန်တိုနီက သွင်းယူပေးခဲ့တာဖြစ်ပြီး ဘန်လေအတွက် ချေပဂိုးကိုတော့ ပင်နယ်တီကတစ်ဆင့် ပြန်ပေးလိုက်ရတာပါ။ ဒီပွဲမှာ ယူနိုက်တက်တို့ နောက်ထပ်ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက အသုံးမချနိုင်ခဲ့ပါဘူး။
ဒါ့အပြင် နောက်ဆုံးမိနစ်မှာအပါအဝင် ပွဲချိန်အတွင်း ပင်နယ်တီရသင့်တဲ့ အခွင့်အရေး (၃) ကြိမ်လောက်အထိကိုလည်း ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေမှာဆိုရင် VAR တောင်ပြန်မကြည့်ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်ပစ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဒေါသပေါက်ကွဲနေကြပြီး ဒီပွဲမှာ ပေးရတဲ့ ပင်နယ်တီ၊ ပြီးခဲ့တဲ့ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီတွေနဲ့ နှိုင်းယှဉ်ကာ ဝေဖန်ပြစ်တင်နေကြတာပါ။ ဒါ့အပြင် ဝမ်ဘစ်ဆာကာကိုလည်း ဒေါသထွက်နေကြပါသေးတယ်။
ဘန်လေနဲ့ပွဲမှာ ဟွိုက်လန်းရဲ့ ရုန်းအားကတစ်ဆင့် ဝမ်ဘစ်ဆာကာက ပင်နယ်တီဧရိယာထိပ်မှာ အပိုင်ကန်ခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် သူက ဘောလုံးကိုကန်ဖို့အတွက်တောင် တော်တော် လေးဖင့်နေခဲ့ပြီး အချိန်ဆွဲနေတာကြောင့် ကန်ခွင့်တောင် မရလိုက်ဘဲ ပြိုင်ဘက်ကစားသမားတွေရဲ့ တားဆီးမှုနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။