အာဆင်နယ်ကို အိမ်ကွင်းမှာ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲမှာတော့ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ဟာ မိုဟာမက်ဆာလာရဲ့ ပင်နယ်တီကန်သွင်းမှုကို ဂိုးဝင်ခဲ့တယ်ဆိုပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ ကလော့ပ်ရဲ့ ကွင်းဘေးနားက ဖြစ်ရပ်က ပရိသတ်တွေအတွက် ရယ်စရာကောင်းနေခဲ့ပြီး ဂျာမန်သားနည်းပြကြီးတယောက် ဆာလာ ပင်နယ်တီလွဲချော်သွားချိန်မှာတော့ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်က ၂ဂိုးပြတ်နဲ့ ဦးဆောင်နေမှုကို ဆာလာက ပြန်ချေပနိုင်ခဲ့ပြိး ဒုတိယပိုင်းမှာ နောက်ထပ်ချေပဂိုးရမယ့် အခွင့်အရေးအဖြစ် ပင်နယ်တီရရှိခဲ့တာပါ။ ဒီပင်နယ်တီကို ဆာလာ ကန်သွင်းခဲ့ရာမှာတော့ ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပြီး ဂီုးမဝင်ခဲ့လို့ လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ဖာမီနိုရဲ့ နောက်ကျချေပဂိုးကြောင့် အိမ်ကွင်းမှာ သရေတမှတ်ပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဆာလာပင်နယ်တီကန်ချိန်မှာ ကလော့ပ်က ကန်သွင်းမှုကို မကြည့်ဘဲ ကျောခိုင်းနေခဲ့ပါတယ်။ ဒီနောက် ပရိသတ်တွေဆီက ဝေါခနဲ အသံထွက်လာချိန်မှာ ဂိုးသွင်းပြီထင်ပြီး ကလော့ပ်က အောင်ပွဲခံခဲ့ကာ ကွင်းဘက်ကို မျက်နှာပြန်မူခဲ့ချိန်မှာတော့ ဂိုးမဝင်ခဲ့မှန်းသိလိုက်ရပြီး ကြောင်တောင်တောင်ဖြစ်သွားခဲ့တာပါ။
ဘယ်လိုဖြစ်သွားရတာလဲဆိုပြီး ကလော့ပ်က လက်ဟန်အမူအယာပါ အလိုလိုလုပ်မိလျက်သားဖြစ်သွားကာ သူ့ရဲ့ ပုံစံက တကယ်ကို ရယ်ချင်စရာကောင်းနေခဲ့ပါတယ်။ မိုဟာမက်ဆာလာက ပင်နယ်တီသေချာပေါက်ဝင်မယ်လို့ ကလော့ပ်က ယုံကြည်ထားချိန်မှာ လွဲချော်သွားခဲ့လို့ ကွင်းဘေးနားက ကလော့ပ်ပါ play ခံလိုက်ရသလိုကို ဖြစ်သွားခဲ့ရတာပါ။