လီဗာပူးတို့ အိမ်ကွင်းမှာ ဆာလာရဲ့တလုံးတည်းသော ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့တာပါ။

လီဗာပူးပရိသတ်တွေအတွက်ရော၊ ဂျရတ်အတွက်ရော ထူးခြားခမ်းနားတဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ဂျရတ်က လီဗာပူးကို ပြိုင်ပွဲကြီးအသွင်မှာ ပြိုင်ဘက်နည်းပြအဖြစ် ပထမဆုံး လာရင်ဆိုင်ခဲ့တာဖြစ်ပြီး လီဗာပူးပရိသတ်တွေရဲ့ ကြိုဆိုပုံကလည်း ခမ်းနားခဲ့ပါတယ်။



လီဗာပူးက ဂျိုတာကို အရံခုံမှာသာ ထားခဲ့ပြီး ချိန်ဘာလိန် ပွဲထွက်ခဲ့ကာ ကျန်တဲ့နေရာတွေကတော့ ဆာလာ၊ မာနေး၊ သီယာဂို၊ ဟန်ဒါဆန်၊ ဗန်ဒိုက်ချ်၊ အယ်လစ်ဆန်တို့လို အမာခံကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဂျရတ်ကလည်း ၄-၃-၃ နဲ့ပဲ ပွဲထုတ်ခဲ့ပြီး တိုင်ရွန်မင့်စ်၊ မက်ဂင်း၊ အက်ရှ်လေယန်း၊ ဝက်ကင်းစ်တို့လို ကစားသမားတွေကို အမာခံထားပြီး အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။

အန်ဖီးလ်မှာ အိမ်ကွင်းပရိသတ်အားနဲ့ လီဗာပူးတို့ ပြိုင်ဘက်ကို တရစပ်ထိုးစစ်ဆင်ခဲ့ပါတယ်။ အက်စတွန်ဗီလာ ကွင်းတဝက်ခြမ်းအထိ လီဗာပူးတို့ လွှမ်းမိုးခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းခွင့်အသာနဲ့ လီဗာပူးတို့ဖိကစားခဲ့တာပါ။

အက်စတွန်ဗီလာကတော့ တန်ပြန်တိုက်စစ်ကိုပဲ ပြန်လည်အားပြုဖို့ ကြိုးစားခဲ့ရပြီး နောက်တန်းနဲ့ ဂိုးသမား အမှားအယွင်းမရှိခဲ့တာကြောင့်သာ သက်သာခဲ့ရတာပါ။ ဆာလာရဲ့ ထိုးဖောက်ကန်သွင်းမှုကို ဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။

လီဗာပူးတို့ ဒုတိယပိုင်းမှာလည်း ဆက်တိုက်ကို တိုက်စစ်ဆင်ခဲ့ပြီး ဗန်ဒိုက်ချ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း မာတီနက်ဇ် ထပ်မံကာကွယ်ခဲ့ပြန်ပါတယ်။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ လီဗာပူးတို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ချိန်ဘာလိန်နေရာမှာ ဂျိုတာကိုလည်း ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးတို့ တိုက်စစ်ဆင်နေရင်းနဲ့ပဲ ပွဲကစားချိန် (၆၅) မိနစ်မှာတော့ ပင်နယ်တီရရှိခဲ့ပါတယ်။ ဆာလာကို ထိန်းချုပ်ဖို့ ကြိုးစားရင်း တိုင်ရွန်မင့်စ် ပြစ်ဒဏ်ကျူးလွန်မိတာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ဆာလာကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ လီဗာပူးက ပွဲကို ထိန်းကစားဖို့ ကြိုးစားခဲ့သလို အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ဂိုးတွေကိုတော့ ထပ်မံမမြင်တွေ့ရတော့ဘဲ အက်စတွန်ဗီလာကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

Share

က္က