ပြည်ပမှ ပြန်လာသူတွေအတွက် ဟိုတယ်နဲ့ Facility Quarantine Center တွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြည်ပကနေ ပြန်လာသူတွေကို Home Quarantine (နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း) လုပ်ရာမှာ စိတ်ချရတဲ့ အနေအထားမရှိတာကြောင့် Hotel Quarantine နဲ့ Facility Quarantine တွေကိုလုပ်သွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။



လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ နေအိမ်အသွားအလာကန့်သတ်စောင့်ကြည့်သူ ၈၅၂၈ ဦး၊ အခြားတိုင်းနဲ့ပြည်နယ်မှာ ၁၇၁၉ ဦးရှိပြီး အဆက်အသွယ်မရသူတွေ၊ လိပ်စာ အတိအကျမပေးသူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ “အခုအိမ်မှာထားရတာကို စိတ်မချရတော့လို့ Hotel Quarantine ကိုပဲ နိုင်နိုင်နင်းနင်းထားတော့မယ်” လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။

ဒီနေ့ မတ်လ ၂၄ ရက် ညပိုင်းက ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ COVID-19 နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဟိုတယ်၊အဆောက်အဦးတွေမှာအသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) အတွက် ရန်ကုန်တိုင်းအတွင်း ဂန္ဓမာဟိုတယ်၊ ၇ မိုင်ဟိုတယ်၊ Yangon Airport Hotel ၊ ဧရာ Training စင်တာ၊ ဘောလုံးအကယ်ဒမီသင်တန်းကျောင်း၊ အရှင်ဆေကိန္ဒကျောင်းတိုက်တို့မှာ ထားရှိသွားမှာဖြစ်ပြီး Facility Quarantine လုပ်ထားသူ ၃၈၈ ဦးရှိတယ်လို့လည်း သိရပါတယ်။

“ အရှင်ဆေကိန္ဒကျောင်းတိုက်မှာလည်း ၂ လစာစားစရိတ်ပြင်ဆင်ထားပါတယ်။ လက်ရှိ ဝေဘာဂီဆေးရုံကလူတွေအားလုံးနေကောင်းပါတယ်။ Positive တွေ့ခဲ့တဲ့ လူနာနဲ့ သူနဲ့အတူနေတဲ့သူငယ်ချင်း ၆ ယောက်လည်း နေကောင်းကျန်းမာပါတယ်” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

လက်ရှိမှာ Facility Quarantine အတွက် MICT Parkအတွင်းမှာ လူပေါင်း ၃၃၆ ဦးထားရှိနိုင်တဲ့ အဆောက်အဦး (၂) ခုကိုလည်းပြင်ဆင်ထားပြီး မနက်ဖြန် မတ်လ ၂၅ ရက်စပြီး ထားရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ဒဂုံမြို့နယ်က သီရိဂုဏ်ဝေ ဓမ္မဗိမာန်မှာလည်း လူပေါင်း ၁၈၆ ယောက်အတွက် ပြင်ဆင်နေပြီလို့ဆိုပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ (၂) ဦးရှိပြီး တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ရန်ကုန်တိုင်း ဝေဘာဂီဆေးရုံတို့မှာ စောင့်ကြည့်ကုသနေပြီး လူနာ (၂) ဦးစလုံးကျန်းမာရေးကောင်းမွန်တယ်လို့လည်းသိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၄ ရက် ည ၈ နာရီ ၁၅ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ စောင့်ကြည့်လူနာ (၂၃၅) ဦးနဲ့ သံသယလူနာ (၂) ဦး စုစုပေါင်း (၂၃၇) ဦးရှိတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က