COVID ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ ပြန်လည်ခေါ်ဆောင်လျှက်ရှိရာမှာ နောက်ထပ် သောင်းဂဏန်းဝန်းကျန်ခန့်ပြန်လာဖို့ရှိသေးတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
မေလ(၁)ရက်နေ့ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံနေရာမှာ နယ်စပ်ဂိတ်တွေကနေတစ်ဆင့် လက်ခံလျှက်ရှိသလို အစိုးရရဲ့ အစီအစဉ်နဲ့လည်း လေကြောင်းလိုင်းတွေကနေတစ်ဆင့် ပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိနေပါတယ်။
“ အခုချိန်ထိ ကျွန်တော်တို့ကို နိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့သူတွေက ပြန်ခေါ်ပေးဖို့ ဆက်သွယ်နေတဲ့သူတွေရှိပါသေးတယ်။ နိုင်ငံတော်အစိုးရရဲ့ မူကတော့ ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ သူတွေထဲက အနီးစပ်ဆုံးဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယားစတဲ့ နိုင်ငံတွေမှာ စုခိုင်းပြီး ပြန်ခေါ်နေတာတွေရှိပါတယ်။ နောက်ထပ်ဘယ်လောက်လောက် လာဖို့ကျန်သေးလည်းဆိုရင် မလေးရှားဘက်ကလည်းတင်ပြထားတာတွေရှိသလို နောက်ထပ်လူစုနေတာတွေလည်းရှိသေးတော့ နောက်ထပ် သောင်းဂဏန်းဝန်းကျင်လောက် ပြန်ဝင်လာဖို့ မျှော်မှန်းထားပါတယ်” လို့ ဦးဇော်ဌေးကပြောပါတယ်။
ထိုင်းနိုင်ငံတစ်ခုတည်းကတင် မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးတဲ့ သူဦးရေက (၃)သောင်းကျော်မှာရှိပြီး မေလ(၃၁)ရက်နေ့ထိ မနက်ပိုင်းထိ (၁)သောင်းကျော်ဦးရေသာ ဝင်ရောက်သေးတယ်လို့ သိရပါတယ်။
“ ဒီကနေ့ နေ့လယ် (၁)နာရီထိကို ထိုင်းကနေ (၆၀၀)ကျော်ပြန်လည်ဝင်ရောက်လာတယ်။ ကျွန်တော်တု့ိကို စာရင်းပေးထားတာတော့ (၃)သောင်းကျော်ရှိပါတယ်။ (၃)သောင်းကျော်လုံး ပြန်လာ မလာဆိုတာတော့ မသေချာဘူး။ ဒီနေ့ထိတော့ ဝင်ရောက်လာသူအားလုံး (၁)သောင်းကျော်ဝန်းကျင်ပဲရှိသေးတယ်” လို့ မြဝတီမြိုကနယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။
မေလ(၁)ရက်နေ့ကစပြီး (၃၁)ရက်နေ့ထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသား(၁)သောင်းကျော် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မေလ (၂၃)ရက်နေ့ နောက်ပိုင်းကစလို့ နှစ်နိုင်ငံအစိုးရက ကားတွေစီစဉ်ပြီး ပြန်လည်ခေါ်ဆောင်ရာမှာ တစ်ရက်ကို (၁)ထောင်ကျော်လောက်ဝင်ရောက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ လတ်တလောကာလမှာ ပြည်တွင်းရောဂါကူးစက်မှုမရှိတော့ဘဲ ပြည်ပကပြန်လာတဲ့သူတွေမှာ ရောဂါပိုးတွေတွေ့ရှိနေတာဖြစ်ပါတယ်။ မေလ (၁၆)ရက်နေ့ကနေ (၃၁)ရက်နေ့ထိ ပိုးတွေ့လူနာ (၄၃)ဦးမှာ (၄၂)ဦးက ပြည်ပကပြန်လာတဲ့သူတွေလည်းဖြစ်ပါတယ်။