ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ရဲ့ စနေနေ့၊ အစောဆုံးပွဲအဖြစ် ဖူလ်ဟမ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်း ကရာဗင်ကော့တေ့ချ်မှာ ကစားခဲ့ကြပါတယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဖူလ်ဟမ် နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ယူနိုက်တက်တို့ တွေ့ဆုံခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ ပါဝင်ခဲ့ပြီး ဖူလ်ဟမ်တိုက်စစ်ကို မီထရိုဗစ် နဲ့ ဗီယက်တိုတို့ ဦးဆောင်ခဲ့ပြီး ယူနိုက်တက်မှာတော့ ရက်ဖို့ဒ်၊ လင်ဂတ် နဲ့ ဆန်းချက်ဇ်တို့ မပါဝင်ခဲ့ပဲ လူကာကူ၊ မာရှယ်၊ မာတာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်တန်းမှာ စမောလင်းပြန်လည်ပါဝင်လာပြီး ဖီးလ်ဂျုံးစ်နဲ့ တွဲဖက်ကစားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ပွဲအစပိုင်းမှာ နှစ်သင်းစလုံးက အပြန်အလှန် ထိုးဖောက်ကစားခဲ့ပါတယ်။ ဖူလ်ဟမ်ရဲ့ ပွဲအစပိုင်းထိုးဖောက်မှုကတဆင့် အပိုင်ကန်သွင်းရရှိခဲ့မှုက ဂိုးဘေးကနေ ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ စောစောဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း အဝေးကွင်းဖြစ်ပေမယ့် နိုင်ပွဲရဖို့ အားစိုက်ကစားခဲ့ပြီး ဖူလ်ဟမ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်က သိသိသာသာ အသာစီးရရှိခဲ့ပြီး ဖူလ်ဟမ်ကို ဦးဆောင်ကစားခဲ့ပါတယ်။ ဟာရဲရား ထူးထူးခြားခြား ခြေစွမ်းပြနေခဲ့ပြိး ကွင်းလယ်အဖျက်မှာရော၊ တိုက်စစ်ပိုင်းချိတ်ဆက်မှုမှာပါ ပေါ်လွင်နေခဲ့ပါတယ်။ ပွဲချိန် (၁၄)မိနစ်မှာ မာရှယ်ရဲ့ ဖန်တီးပေးမှုကတဆင့်
ပေါ့ဂ်ဘာက ဧရိယာအတွင်း ထောင့်ဖြတ်အနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ဒီဂိုးမှာလည်း ဟာရဲရားက စတင်အကွက်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆက်တိုက်ဖိကစားလာတဲ့ ယူနိုက်တက်တို့ (၂၃)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ နောက်တစ်ဂိုးရသွားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်း ဘောလုံးပျက်သွားတာကတဆင့် ဖီးလ်ဂျုံးရဲ့ ပေးပို့မှုကနေ မာရှယ်က ကွင်းလယ်ကနေ တစ်ကိုယ်တော်ဆွဲပြေးပြီး ဂိုးသမားဆာဂျီယိုရီကိုနဲ့ တစ်ဦးချင်း
အတွေ့မှာ အပိုင်ကန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ယူနိုက်တက်က ၂-၀ နဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဖူလ်ဟမ်တို့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အစပိုင်းမှာလောက်ပဲ ကစားပုံကောင်းခဲ့ပါတယ်။ ယူနိုက်တက်က ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်သေချာစေဖို့ကို အာရုံစိုက်ကစားခဲ့လို့ ဖူလ်ဟမ်တို့ အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ (၆၅)မိနစ်မှာ မာတာကြောင့် ရရှိတဲ့ ပယ်နယ်တီကို ပေါ့ဂ်ဘာက ကန်သွင်းပြီး ယူနိုက်တက်အတွက် တတိယဂိုး ရရှိစေခဲ့ပါတယ်။
အဲဒီနောက်မှာ နှစ်သင်းစလုံး လူစားလဲမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အပိုင်အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ဆန်းချက်ဇ် နဲ့ တော်မီနေး၊ ဖူလ်ဟမ်ဘက်က ဘာဘယ်တို့ သေချာပေါက်ဂိုးရနိုင်တဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ (၃)ဂိုးပေးလိုက်ရပြီးနောက်မှာ ဖူလ်ဟမ်က သိသိသာသာ စိတ်ဓာတ်ပိုင်းအားနည်းသွားခဲ့ပါတယ်။
ဒါကြောင့်လည်း လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်ကသာ ပွဲကို စိုးမိုးသွားခဲ့ပြီး ဘောလုံးကို စိတ်ကြိုက်ကိုင်ကစားနိုင်ခဲ့ပါတယ်။ အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး ဂိုးရနိုင်ဖို့ အခြေအနေတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဂိုးထပ်မရခဲ့တော့ပဲ ပွဲအပြီးမှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ (၃-ဝ)နဲ့ ယူနိုက်တက်တို့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း ချယ်လ်ဆီးက မန်စီးတီးနဲ့ မကစားရသေးခင်မှာ ယူနိုက်တက်တို့ အဆင့် (၄)ကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။