ပရိသတ်အချစ်တော် နေတိုးက အခုဆိုရင် အနုပညာသက်တမ်း နှစ် ၂၀ ရှိပါပြီ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေအတွက် အနုပညာခရီးကို ကြိုးကြိုးစားစားနဲ့ လျှောက်လှမ်းသွားပါဦးမယ်တဲ့။
နေတိုးကတော့ ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ပြီးရင်း ပိုင်ဆိုင်နေရတဲ့ မင်းသားချောတစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း ပရိသတ်အပေါ် ချစ်ခင်မြတ်နိုးတာကြောင့် ပရိသတ်အားပေးတဲ့ အနုပညာလမ်းကိုပဲ ဆက်လျှောက်မယ်လို့ ဆိုပါတယ်။
‘’ကျွန်တော်ချစ်သောကျွန်တော့်ကိုချစ်ကြသောပရိသတ်များအတွက် ဒီခရီးကိုကျွန်တော် အမြဲကြိုးစားပြီး လျှောက်လှမ်းနေဦးမှာပါ’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကလည်း ဘယ်လောက်ထိ အားပေးကြောင်း၊ ဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေကို Comment ကနေတဆင့် ပြောပြခဲ့တာ တွေ့ရပါတယ်။
Photo: Nay Toe Page
နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင် းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။
အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ် ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။ သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။