ပရိသတ်အကြိုက်နဲ့ နီးစပ်မယ့် အကယ်ဒမီပေးပွဲဖြစ်လာမလား

ထွန်းအိန္ဒြာဗိုလ်ဟာ လာမယ့်အကယ်ဒမီပေးပွဲမှာ ဖြစ်လာမယ့်အပြောင်းအလဲတွေကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ ဇာတ်ကားကောင်းတွေ အရမ်းများတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ သူကပြောပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ ကြုံတွေ့ရမယ့် အပြောင်းအလဲလေးတွေအပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ ပရိသတ်အကြိုက်နဲ့ရော နီးစပ်နိုင်မလားလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ အကယ်ဒမီ ဘုတ်အဖွဲ့မှာပါဖို့ နှစ်တိုင်း ကမ်းလှမ်းပါတယ်။ ကျွန်မကိုယ်တိုင်က အရည်အချင်းမပြည့်မီဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူတဲ့အတွက် ဘယ်တော့မှ မလုပ်ပါဘူး။ မနှစ်က အကယ်ဒမီပေးပွဲပြီးတော့ ဘုတ်အဖွဲ့တွေက ဘယ်လိုပုံစံမျိုးနဲ့ သွားသင့်တယ်၊ ဘယ်လို နည်းလမ်းတွေနဲ့ သွားသင့်တယ် ဆိုတာတွေကို ပြောနေတာ ကြားရတယ်။ ဒီနှစ်ကတော့ ဘုတ်အဖွဲ့အပြောင်းအလဲ ဖြစ်လာမယ်ဆိုရင်လည်း ကျွန်မတို့ စောင့်ကြည့်ကြရမှာပေါ့နော်။ ပရိသတ်အကြိုက်နဲ့ နီးစပ်မလားပေါ့။"ရွေးချယ်တဲ့ စည်းကမ်းတွေကို ကျွန်မလည်း မသိဘူးဆိုတော့လေ။ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ရွေးတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့လေ။ ဘုတ်အဖွဲ့နဲ့ သွားတာဆိုတော့ အဲဒီအထဲမှာကိုက အိုင်ဒီယာတွေ အမျိုးမျိုးကွဲနိုင်တယ်။ မဲများရာ အဖြေထွက်တာလည်း ဖြစ်နေတော့ သိပ်မပြောတတ်ဘူး"” ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရွှေနန်းတော် ရဲ့ ကျပ်သိန်း ၃၀၀၀ ကံစမ်းမဲရွေးချယ်ပွဲကြီးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူမကိုယ်တိုင်ကလည်း အကယ်ဒမီ ပေးပွဲအတွက် ရင်ခုန်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ ဇာတ်ကားကောင်းတွေ အရမ်းများတာကြောင့် ဆုရရှိတဲ့ သူအတွက်ကတော့ ဂုဏ်ယူစရာနေ့ရက်လေး ဖြစ်မှာပါလို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

“အကယ်ဒမီ နီးလာတာနဲ့အမျှ သရုပ်ဆောင်တွေ ကိုယ်တိုင်က ဘယ်ဇာတ်ကားနဲ့တော့ ငါရလိမ့်မယ်ဆိုပြီး ရင်ခုန်တာ သိပ်မရှိပါဘူး။ ဇာတ်ကားတွေကလည်း အရမ်းများတယ်။ အများကြီးထဲမှာမှ ရတယ်ဆိုတာကလည်း ဂုဏ်ယူစရာ၊ ဝမ်းသာစရာဖြစ်တယ်။ အခုနောက်ပိုင်းမှာလည်း အပြောင်းအလဲတွေဖြစ်လာတဲ့ ဇာတ်ကားတွေ ပိုများလာတယ်ဆိုတော့ အားလုံးထဲမှာမှ ရတာဖြစ်တဲ့အတွက် ပိုပြီး ဂုဏ်ယူစရာ ဖြစ်ပါတယ်။ဒါကလည်း ရတဲ့သူ ဘယ်သူ မဆိုအတွက်ပါ” လို့ သူကဆိုပါတယ်။

ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က