၁၉၈၀ ခုနှစ်များက ထင်ပေါ်ကျော်ကြားခဲ့တဲ့ အဆိုတော်တွေထဲကမှ အဆိုတော် စိုးလွင်လွင်ဟာ ဒီဘက်ခေတ်လူငယ်တွေနဲ့ပါ မစိမ်းတဲ့ အောင်မြင်သော အဆိုတော်ကြီးတစ်ယောက် ဖြစ်ပါတယ်။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားပုံ ရှိပေမယ့်လည်း အဆိုတော် စိုးလွင်လွင်ကိုတော့ ဒီနေ့ထိ မမေ့နိုင်တဲ့ သူတွေ ရှိနေဆဲပါ။ သူကတော့ အဆိုတော် စိုးလွင်လွင်ရဲ့ ဇနီးခင်ဖြူဖြူအောင်စိုးပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဥ် ဘဝထဲက စိုးလွင်လွင်နဲ့ ချစ်ကြိုက်ခဲ့ပြီး ဘဝတစ်ခုကို ထူထောင်ခဲ့ကြတာပါ။ ဇနီးဖြစ်သူကတော့ ပိတောက်ပန်းတွေ ပွင့်တိုင်း ခင်ပွန်းဖြစ်သူကို သတိရလွမ်း ဆွတ်နေဆဲပါတဲ့။
“ပိတောက်ပန်းတွေ ပွင့်တော့မယ်ဆိုရင် သူ့ကို သတိရတယ်။ သူချစ်ရေးဆိုတုန်းက ပိတောက်ပန်းတွေ တပွေ့တပိုက်နဲ့ လာပြီး ချစ်ရေးဆိုခဲ့တာ။ ပိတောက်တွေက ကိုယ် အရမ်းကြိုက်တဲ့ ပန်းလည်း ဖြစ်တယ်၊ သူ့ကိုလည်း အမြဲတမ်း အမှတ်ရနေစေတဲ့ ပန်းလည်း ဖြစ်တော့ ပိတောက်ပန်းတွေ ပွင့်ပြီဆို အရမ်းသတိရတယ် “ လို့ ဆိုပါတယ်။
Photo : စိုးလွင်လွင် အမျိုးသမီးဆီမှ
စိုးလွင်လွင် မအောင်မြင်ခင်ကတည်းက ဘဝတစ်ခုကို အတူတူ ထူထောင်ပြီး ရုန်းကန်ခဲ့ရတဲ့ သူမအတွက် အဆိုတော် စိုးလွင်လွင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီး ရှိနေဆဲပါ။ ဂီတလောကမှာ စိုးလွင်လွင်ရယ်လို့ ဖြစ်လာဖို့ ခင်ပွန်းဖြစ်သူမှာ အများကြီး ကြိုးစားကျော်ဖြတ်ခဲ့ရကြောင်းကိုလည်း အောက်မေ့ဖွယ် ပြန်ပြောင်းပြောပြခဲ့ပါသေးတယ်။
“ငယ်ငယ်ကတည်း ဂစ်တာ တဒေါင်ဒေါင် တီးတာ ပတ်ဝန်းကျင်က နားငြီးလောက်အောင်ပေ့ါ၊သူ့ရဲ့ အောင်မြင်လိုစိတ်က အရမ်းကြီးတယ်။ သူ့ရဲ့ နာမည်တစ်လုံးကလည်း လွယ်လွယ်နဲ့ ရခဲ့တဲ့ အရာမဟုတ်ဘူး။ မအောင်မြင်ခင်မှာ လူတွေကို အရမ်းအောက်ကျခံခဲ့ရတယ်။ ရပ်ကွက်ပွဲလေးတွေမှာ သီချင်းဆိုခဲ့ချိန်ကတောင် ပြောင်းဖူးရိုးနဲ့ ပေါက်ပြီး ဆင်းပါတော့ ဆိုပြီး အပြောခံခဲ့ရတယ်။ သူရဲ့ ပထမဆုံးထွက်ထားတဲ့ “မင်းထက်သာတဲ့သူ” အခွေကလည်း မပေါက်ခဲ့တော့ သူအရမ်းစိတ်ညစ်ခဲ့ရတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ ဘေးမှာ ကိုယ်ပဲ ရှိတော့ သူစိတ်ညစ်ခဲ့ရချိန်တွေဆို ကိုယ်အရမ်း နာကျင်ခဲ့ရတယ် သူရဲ့ အောင်မြင်ဖို့ ကြိုးစားခဲ့ရတဲ့ အချိန်တွေကတော့ လုံးဝမမေ့နိုင်တဲ့ အမှတ်တရတွေပါပဲ” ဆိုပြီးခင်ပွန်းဖြစ်သူရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြောပြခဲ့တာပါ။
Photo : စိုးလွင်လွင် အမျိုးသမီးဆီမှ
အောင်မြင်လာချိန်မှာလည်း အောင်မြင်မှုက ရလာတဲ့ ဒဏ်တွေကို မခံနိုင်ဘဲ မှားခဲ့တဲ့ အချိန်တွေ အများကြီး ရှိခဲ့ပေမယ့် ခင်ပွန်းသည် အောင်မြင်မှု အတွက် အရာရာကို ခါးစည်းခံခဲ့ရတဲ့ အချိန်တွေလည်း ကြုံခဲ့ရပါသေးတယ်တဲ့။
Photo : စိုးလွင်လွင် အမျိုးသမီးဆီမှ
ချစ်လူမိုက်၊ ငယ်သူမို့၊ အမေ၊ မောင့်မျက်ရည်ဝိုင်း၊ ကိုယ်ချင်းစာနာခဲ့ရပြီလေ၊"စိတ်ဖြေသီချင်း" စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုထိတိုင် နေရာယူထားနိုင်တဲ့ အဆိုတော် စိုးလွင်လွင်ဟာ ၁၉၉၉ခုနှစ် ဇူလိုင်(၂၅) ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သမီးဖြစ်သူ ရွှေအိမ်စည်ဟာလည်း ဂီတလောကထဲမှာ လျှောက်လှမ်းနေပြီး ဖခင်ရဲ့ သီချင်းများကိုလည်း ပြန်လည် သီဆိုဖို့ ပြင်ဆင်လျက်ရှိပါတယ်။