ယူအေအီးနိုင်ငံက ပြန်လာပြီး ရောဂါပိုးတွေ့ရှိထားသူ လူနာအမှတ် ၁၉၄၊ ၁၉၅ နဲ့ ၁၉၆ တို့မှာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့အထိ ရောဂါပိုးကင်းစင်သွားသူ ၁၄၈ ဦးအထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလဆန်းပိုင်းကစလို့ အစိုးရက ပြည်ပပြန်လာသူတွေကို ပြန်လည်ခေါ်ယူရေးအစီအစဉ်တွေ ပြုလုပ်ခဲ့ရာမှာ မေလ ၁၆ ရက်ကနေဇွန်လ ၄ ရက်အထိ ပြည်ပက ပြန်လာသူ ၅၃ ဦးရှိတဲ့အထဲက မလေးရှားက ပြန်လာသူနဲ့ ယူအေအီး နိုင်ငံက ပြန်လာသူ စုစုပေါင်း ၉ ဦးမှာ ရောဂါပိုး ပြန်လည်ကင်းစင်သွားတာဖြစ်ပါတယ်။
ပိုးကင်းစင်သွားသူတွေကတော့ လူနာအမှတ် ၁၈၄၊ ၁၈၅၊ ၁၈၆၊ ၁၈၉၊ ၁၉၁၊ ၁၉၃၊ ၁၉၄၊ ၁၉၅ နဲ့ ၁၉၆ တို့ ဖြစ်ပြီး လူနာအမှတ် ၁၈၄၊ ၁၈၅၊ ၁၈၆၊ ၁၈၉ နဲ့ ၁၉၁ တို့က မလေးရှားပြန်တွေ ဖြစ်ပြီး ၁၉၁၊ ၁၉၃၊ ၁၉၅ နဲ့ ၁၉၆ တို့က ယူအေအီးနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ ညထုတ်ပြန်ချက်အရ ပိုးတွေ့လူနာနှစ်ဦးထပ်တိုးခဲ့ရာမှာ နှစ်ဦးစလုံးက အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး စစ်ကိုင်းမြို့မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပါတယ်။
ထပ်တွေ့ခဲ့တဲ့ လူနာနှစ်ဦးကတော့ လူနာအမှတ် ၂၃၅ နဲ့ ၂၃၆ တို့ဖြစ်ကာ အသက် ၃၀ နဲ့ ၃၁ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြပါတယ်။ နှစ်ဦးစလုံးကိုတော့ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ယခင်က စစ်ကိုင်းတိုင်းမှာ အတည်ပြုလူနာ ၇ ဦးရှိခဲ့ကာ ၇ ဦးစလုံး ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ စစ်ကိုင်းတိုင်းမှာ ပိုးကင်းစင်သွားခဲ့ပြီဖြစ်ပေမယ့် ဒီကနေ့ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ လူနာသစ် ၂ ဦး ပြန်လည်တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီကနေ့ ဇွန်လ ၄ ရက် ည ၈ နာရီထိထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၃၆ ဦးရှိခဲ့တဲ့အထဲကမှ ၁၄၈ ဦးပိုးကင်းစင်ကာ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။