ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အနန္တရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာဖြစ်လို့ အနုပညာရှင်တွေကတော့ ရင်ခုန်နေပါပြီတဲ့။ ဒီဇာတ်ကားကိုတော့ ဇူလိုင် ၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကားဖြစ်လာမယ့် အနန္တ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖန်တီးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့အတူ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း ရင်ခုန်နေပြီလို့ဆိုပါတယ်။
‘’ သေချာတယ် ဇာတ်သိမ်းကတော့ ဘယ်သူမှ မထင်ထားတဲ့ ဇာတ်သိမ်းမျိုး ဖြစ်လိမ့်မယ်။ ရင်ခုန်တာကတော့ ရင်ခုန်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ပရိသတ်တွေ မြင်တွေ့နေကြ ချစ်ကြိုက်ကွဲညား ဆိုတဲ့ ဇာတ်မဟုတ်ပါဘူး။ ရုံတင်ဖို့ ၄ နှစ်ကြာခဲ့တဲ့ အတောအတွင်းမှာတော့ Update ဖြစ်အောင် လုပ်ခဲ့တာလေးတွေရှိတာပေါ့’’ လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
အဲဒီနောက် ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်တဲ့ ဖြိုးငွေစိုးကလည်း ဒီဇာတ်ကားအပေါ် သူ့ရဲ့ ရင်ခုန်သံကို ပြောပြလာပါတယ်။ သိပ္ပံဇာတ်ကားဖြစ်တာကြောင့်လည်း အများကြီး ကြိုးစားထားတယ်လို့ ဆိုပါတယ်။
‘’ ဒီဇာတ်ကားကို စရိုက်ကတည်းက ကတုန်ကယင်နဲ့ ရိုက်ခဲ့ရတာလေ။ ကိုယ့်ဘာသာကိုယ် နားလည်အောင် တော်တော်လေး ကြိုးစားခဲ့ရတယ်။ ကိုယ်တွေ ဘယ်နေရာရောက်နေတယ်။ ဘယ် ဂြိုဟ် ရောက်နေတယ်ဆိုတာကို ကိုယ်တိုင် သဘောပေါက်အောင် မနည်းကြိုးစားခဲ့ရတယ်။ ရင်ခုန်တယ်ဆိုတာထက် ပိုကြောက်တယ်။ ဒီဇာတ်ကားရိုက်တုန်းက ကျွန်တော်က ဝတုတ်ကြီး ကာရိုက်တာကလည်း လောကကြီးကို ညစ်တွန်းတွန်းပြီးတော့ သွားရတဲ့ လူဆိုတော့ ဒီဇာတ်ကားရိုက်ရတာ ကျွန်တော့်အတက် စိတ်ဖိစီးမှုများတယ်’’ လို့ သူကပြောပါတယ်။
သရုပ်ဆောင် နန်းဆုဦးကလည်း ဇာတ်ကားရဲ့ ဇာတ်သိမ်းကို အခုချိန်ထိ မသိရသေးဘူးလို့ ပြောပါတယ်။ ထွေလာကို ကြည့်တဲ့အချိန်မှာလည်း အများကြီး အံ့သြခဲ့ရတယ်လို့ သူကဆိုပါတယ်။
‘’ ကိုညိုက ပရိသတ်တွေကိုတင် ပဟေဋိလုပ်တာ မဟုတ်ဘူး။ ညီမတို့ကိုလည်း ပဟေဋိလုပ်တာ။ အခုချိန်ထိ ဇာတ်ကားရဲ့ ဇာတ်သိမ်းကို မသိရသေးဘူး။ ထွေလာကို ကြည့်ပြီး အံ့သြသွားတယ်။ ညီမ တကယ်တမ်းရိုက်ကူးခဲ့ရတုန်းက Green Screen အနေနဲ့ ရိုက်ကူးခဲ့တာ စတူဒီယိုပုံစံ အခန်းတွေနဲ့ပေါ့နော်။ ကိုယ်ရိုက်ကူးခဲ့တဲ့ Location တွေကလည်း အပြင်ကနဲ့ မတူဘူးဖြစ်နေတော့ ကိုယ်ကိုယ်တိုင်ကိုက အံ့သြခဲ့ရတယ်’’ လို့ ဆိုပါတယ်။
အနန္တရုပ်ရှင်ဇာတ်ကားကြီးကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဖြိုးငွေစိုး၊ စိုင်းလျှံ၊ စိုးရန်အောင်၊ နန်းဆုဦး၊ ဧကရီမှူးုပိုင် နဲ့ နန်းထိုက်အောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။