ချမ်းမြေ့မောင်ချိုကတော့ မွေးနေ့လေးမှာ အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကိုလည်းအရမ်းကျေးဇူးတင်တယ်တဲ့။
စက်တင်ဘာ(၂၁) ရက်နေ့က အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ အသက်(၂၀)ပြည့် မွေးနေ့လေးပါ။ မွေးနေ့ပွဲလေး ကိုလည်း သူမရဲ့Fan တွေနဲ့အတူတူ ကျင်းပခဲ့ပါသေးတယ်။ ချစ်တဲ့ပရိသတ်တွေနဲ့အတူ မွေးနေ့ပွဲ ကျင်းပခွင့်ရလို့ အရမ်းပျော်ခဲ့ရသလို ပရိသတ်တွေရဲ့ Surprise ကြောင့်လည်း အရမ်းကို ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မွေးနေ့ကတော့ Fan တွေစီစဉ်ပေးတဲ့ ပွဲလေးပါ။ အရမ်းလည်းပျော်ရတယ်။ပရိသတ်တွေက နယ်တွေက လာတဲ့သူတွေလည်းရှိတယ်။ အရမ်းကို ပျော်ရတဲ့ ပွဲလေးတစ်ပွဲပါ” လို့ သူမက စက်တင်ဘာ(၂၀) ရက်နေ့က မီဒီယာတွေမှာ ပြောပြခဲ့ပါတယ်။
သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေက ကားတစ်စီး မွေးနေ့လက်ဆောင်အဖြစ် surprise လုပ်ခဲ့ပါသေးတယ်။ ကားလက်ဆောင်ကတော့ သူမအတွက် လုံးဝမထင်ထားတဲ့ မွေးနေ့ လက်ဆောင်တစ်ခုပါလို့လည်း ဆိုပါတယ်။ ပြိုင်ပွဲပြီးကတည်းက အခုချိန်ထိ အားပေးပြီး ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ချမ်းမြေ့မောင်ချိုက ပြောခဲ့ပါသေးတယ်။
“မောင်ချို့ကို ပြိုင်ပွဲစကတည်းက အခုချိန်ထိ အားပေးနေကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်တယ်။ အခုထိ အားပေးတာ အရမ်းလည်း ကြည်နူးမိပါတယ်။နှစ်တိုင်း မွေးနေ့တိုင်း ပရိသတ်တွေနဲ့ ဆုံနိုင်အောင် ကြိုးစားပေးပါ့မယ်” ဆိုပြီး သူမက ပြောခဲ့ပါတယ်။
Myanmar Idol ပြိုင်ပွဲကတည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုဆိုရင် ဖျော်ဖြေပွဲတွေနဲ့ ကြော်ငြာ ရိုက်ကူးရေးတွေ ဆက်တိုက် ဆိုသလို လုပ်ကိုင်နေရပါပြီ။ ကြော်ငြာတွေ ရိုက်ရင်းနဲ့ သီချင်းတွေ ဆိုနေတဲ့ သူမက သီချင်းခွေအတွက်ကိုလည်း သီချင်းသစ်တွေ စုနေတယ်လို့ ဆိုပါတယ်။
"လတ်တလောက ဟိုးတုန်းက ပေါက်ခဲ့တဲ့ သီချင်းလေးတွေ ပြန်ဆိုဖို့ လုပ်နေတယ်။ ပြန်ဆိုတယ်ဆိုတာကလည်း ကထိန်ပွဲတွေ ဘာတွေမှာ ပရိသတ်တွေမြူးအောင် ဆိုမယ်ပေ့ါ။ စဉ်းစားနေတုန်းပါ။ သီချင်းသစ်တွေကတော့ အခုမှ စစုနေတုန်း။ တေးရေးတွေကိုလည်း အခုမှ ရေးပေး ဖို့အတွက် ပြောထားတုန်းပါ။ သီချင်းတွေက အခုထိတော့ မရသေးပါဘူး။တစ်ပုဒ်လားပဲ ရသေးတယ်။ စောင့်နေတုန်းပေ့ါ" လို့ D&C ကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။
ပြီးခဲ့သော လအနည်းငယ် က ထွက်ရှိထားတဲ့ သူမရဲ့ “အိပ်မက်” ဆိုတဲ့ သီချင်းက ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့ပါသေးတယ်။ သူမဟာMyanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့သူပါ။