အားလုံးရဲ့ အချစ်တော် နေတိုးက ပရိသတ်တွေကို ရင်ခုန်အောင် လုပ်လိုက်ပါပြီ။ ဒီနေ့မှာ သူ့ရဲ့ Update သတင်းလေး တစ်ခု အသိပေးဖို့ ရှိတယ်တဲ့။
Photo ; နေတိုး
သရုပ်ဆောင် နေတိုးက ဒီနေ့မှာ ပရိသတ်တွေကို သတင်းတစ်ခု ပြောပြဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းလေးက Update သတင်းတစ်ခုဖြစ်ပြီး ဒီနေ့မှာ Live လွှင့်ပြီး ပြောပြမှာ ဖြစ်တယ်လို့ နေတိုးက ပြောပါတယ်။
“ကျွန်တော်ချစ်သောကျွန်တော့်ကိုချစ်ကြသောပရိသတ်များကို update သတင်းလေးတခုပြောပြဖို့ အသိပေးဖို့ရှိပါတယ်ခင်ဗျာ....မနက်ဖြန် 1.7.19 ရက်နေ့ live လွှင့်ပြောပြပါမယ်ခင်ဗျာ ...ရင်ခုန်ခြင်းများစွာဖြင့်.....နေတိုး"”ဆိုပြီး ဇွန်လ(၃၀) ရက်နေ့က သူ့ရဲ့ ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
နေတိုးပြောမယ့် သတင်းကို တွေးပြီး ပရိသတ်တွေ ရင်ခုန်လို့နေကြပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ မင်္ဂလာသတင်းကြားရတော့မှာလားဆိုပြီး မှတ်ချက်တွေ ပေးထားကြပါတယ်။
Photo ; နေတိုး
နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။
အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ်ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။
Photo ; နေတိုး
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။