အရင်ပွဲတွေနဲ့ မတူတဲ့ ရသလေး တွေ ပေးချင်တယ်။

ဝိုင်းစုခိုင်သိန်းကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် Mini Concert လေး တစ်ခုလုပ်မယ်လို့ သိရပါတယ်။ ပရိသတ်တွေ စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံရဖို့ ဒီပွဲလေးကို လုပ်ဖြစ်ခဲ့တာပါတဲ့။

Photo: Wine Su Khaing Thein

အဆိုတော်ဝိုင်းစုခိုင်သိန်းဟာ သြဂုတ်လ ၃ ရက်နေ့မှာ တစ်ကိုယ်တော် Mini Concert ပွဲလေးတစ်ခု လုပ်မယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာလည်း ထူးခြားမှုတွေ တွေ့ရဦးမယ်လို့ ဝိုင်းစုခိုင်သိန်းက Duwun Media ရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

‘’လုပ်ဖြစ်တာကတော့ အစ်မကို FG က လာကမ်းလှမ်းထားလို့ပေါ့နော်။ အဲဒီအတွက် သူတို့နဲ့ ပေါင်းပြီးတော့ လုပ်ဖြစ်တာပါ။ သီချင်းအားလုံးပေါင်း ၁၅ ပုဒ် သီဆိုသွားမယ်ပေါ့နော်။ သီချင်းအသစ်တွေတော့ မပါသေးဘူး။ အစ်မ ထွက်ထားခဲ့ပြီးတဲ့ အခွေ ၆ ခွေထဲက ဆိုနေကြမဟုတ်တဲ့ သီချင်းလေးတွေ ထည့်ထားတယ်။ Performance တွေလည်း ပြန်ပြောင်းထားပါတယ်။ FG Live Lounge  ပွဲလေးကို အားလုံးပဲအဆင်ပြေရင် လာခဲ့စေချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Thein Than Oo

ဝိုင်းစုခိုင်သိန်းဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူကိုယ်တိုင်ကလည်း ချစ်ရတဲ့ ပရိသတ်တွေအတွက် ဒီ ဖျော်ဖြေပွဲကို လက်ခံကျင်းပခဲ့တာလို့လည်း သူမက ပြောပါတယ်။

‘’အစကတည်းက ဒီပွဲကို လက်ခံတာကလည်း အစ်မ ပရိသတ်တွေကြောင့် လက်ခံလိုက်တာလည်း ပါတယ်။ အဓိက က Fan တွေအတွက် အဓိကပါ။ သူတို့နဲ့လည်း တွေ့ချင်တယ်၊ သူတို့နဲ့ ပတ်သက်ပြီး အစ်မ အစီအစဉ်လေးတစ်ခု လုပ်ထားတာရှိတယ်။ အဲဒါလည်း မကြာခင် သိရတော့မှာပါ။ အဓိက ကတော့ အစ်မ Fan တွေကြောင့် ဒီပွဲလေး ဖြစ်လာတာပါ။ အားလုံးပျော်ပျော်ပါးပါးနဲ့ အရင်ပွဲတွေနဲ့ မတူတဲ့ ရသတစ်မျိုးပေးချင်တယ်။ အဓိကက Fan Gathering သဘောမျိုးလည်းပါတော့ မလာမဖြစ် လာအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီပွဲအတွက် လက်မှတ်တွေလည်း ကြိုတင်ဝယ်နေကြပြီလို့ သိရလို့ ဝမ်းသာပါတယ်’’ လို့ ပြောပါတယ်။

Photo: Wine Su Khaing Thein

ဝိုင်းစုခိုင်သိန်းဟာ ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတာ တွေ့ရပါတယ်။ ဒါကလည်း သူမရဲ့ တစ်ကိုယ်တော်အခွေ အသစ်အတွက် ကြိုးစားပြင်ဆင်နေတာကြောင့်လို့ ဆိုပါတယ်။

‘’ဒီနှစ်အတွက်တော့ အစ်မ တစ်ကိုယ်တော်ရှိုးပွဲ မလုပ်ဖြစ်သေးဘူး။ အစ်မရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက်လည်း လုပ်နေတော့ အခွေ အသစ်ထွက်ပြီးတော့မှ အခြေအနေကြည့်ပြီးတော့ လုပ်ဖြစ် မလုပ်ဖြစ် သိမှာပေါ့။ အခွေအသစ်အတွက်က အသံသွင်းဖို့တွေကျန်သေးတယ်။ တချို့ သီချင်းလေးတွေ လက်စသက်ဖို့ ကျန်သေးတယ်။ အတီးလည်း လက်စသက်ဖို့ ကျန်သေးတယ်။ ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင်လို့ အစ်မ ကြိုးစားနေပါတယ်’’ လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။

Photo: Ps Express

ဝိုင်းစုခိုင်သိန်းရဲ့ Mini Concert ပွဲကိုတော့ ဝေဇယန္တာ လမ်းမကြီးပေါ်မှာရှိတဲ့ ရေကူးစတူဒီယိုမှာ ကျင်းပပြုလုပ်မှာပါ။ ဖျော်ဖြေပွဲလက်မှတ်တွေကိုတော့ Myanpwel Hotine No:09-445151010 နဲ့ Myanpwel Messenger တို့ကနေတဆင့် ဆက်သွယ်ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ ၁၅၀၀၀ ကျပ် ဖြစ်ပါတယ်။

သူမဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က