ပွင့်လင်းလွန်းရင်လည်း တစ်ဖက်လူအတွက် မျက်စိနောက်တယ်လေ။

အေးမြတ်သူက ပွင့်ပွင့်လင်းလင်းနေတတ်လွန်းတဲ့ သူမရဲ့ အကျင့်လေးတွေအပေါ်ပရိသတ်တွေက ဝိုင်းပြီး ဝေဖန်ပေးကြလွန်းလို့ ဆင်ဆင်ခြင်ခြင်နေတော့မယ်လို့ဆိုပါတယ်။ အခုလည်း ပြုပြင်နေတယ်လို့ပြောပါတယ်။

Photo: EXPOSURE



အေးမြတ်သူဟာ သူမကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ အနေအထိုင် အပြောအဆိုလေးတွေရဲ့ ပုံစံကို ဝေဖန်ပေးကြတဲ့ အရာတွေအပေါ် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကြိုးစား ဆင်ခြင်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုယ့်ကိုယ်ကိုယ် ဗရွတ်ရွှတ်တတ် မနေမိအောင်တော့ ထိန်းထိန်းသိမ်းသိမ်းနေပါတယ်။ ပွင့်လင်းလွန်းပြန်ရင်လည်း တစ်ခါတလေကျရင် လူတစ်ယောက်ကို မျက်စိနောက်စေတယ်လေ။ ကိုယ့်ရဲ့ အပြုအမူတွေက တစ်ဖက်သားအတွက် စရိုက်ဆန်သွားတာမျိုးတွေ၊ တစ်ဖက်သားက အထင်သေးသွားမယ့် အပြုအမူမျိုးတွေ မဖြစ်အောင်လို့ သေသေချာချာလေးတော့ ကြိုးစားပြီး တည်ဆောက်နေပါတယ်။ ဒါကလည်း ပရိသတ်တွေက ဝိုင်းပြီးတော့ ပြောကြလို့၊ ဝိုင်းပြီးဝေဖန်ပေးကြလို့ပေါ့နော်။ အဲဒါတော့ သေသေချာချာလေးဖြစ်အောင် နေကြည့်ပါမယ်’’လို့ သူကဆိုပါတယ်။

Photo: Aye Myat Thu

အဲဒီနောက် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိလို့လည်း အရမ်းကျေးဇူးတင်တယ်လို့ အေးမြတ်သူက ပြောပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဆင်ဆင်ခြင်ခြင်နေလာပါတယ်တဲ့။

‘’တော်တော်များများကလည်း ကိုယ့်ကို ပိုပြီးချစ်ဖို့ကောင်းလာတယ်၊ ပိုပြီးလှလာတယ်လို့ပြောတဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျန်တာတော့ အများကြီး မပြောင်းလဲသွားပါဘူး။ ဒါပေမယ့် စကားပြောတာတော့ ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ပြောလာတယ်ထင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

အေးမြတ်သူဟာ သူမချစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းကောင်းတွေ၊ ကာရိုက်တာ ကောင်းကောင်းလေးတွေကို ရွေးချယ်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

‘’အဓိကက လုပ်ပိုင်ခွင့်ပါရှင့်။ ကိုယ်ဘယ်လောက်အထိ ဒီကာရိုက်တာထဲမှာ လုပ်နိုင်မလဲ။ အရင်ကထက်တော့ ကိုယ်လောဘကြီးလာတာ အမှန်ပဲ။ ဇာတ်ကားတစ်ကားမှာ ကိုယ့်ရဲ့ ပါဝင်နိုင်မှုစွမ်းအားနဲ့ ကိုယ့်လုပ်နိုင်စွမ်းတွေကို ပိုပြီးတော့ လိုချင်လာတယ်။ အဲဒါတော့ လောဘကြီးတယ်၊ ကျန်တာတွေတော့ လောဘမကြီးပါဘူး’’ လို့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aye Myat Thu

အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က