မိုဟာမက် ကူးဒက်စ်ဟာ ဒတ်ချ်လိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ အိုင်းယက်စ်အသင်းကို ကူညီပေးဖို့ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ မြင့်တက်နေပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂါနာနဲ့ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသခဲ့တာဖြစ်တာကြောင့် အဲရစ် တန်ဟက်က ယခုလာမယ့်နွေရာသီမှာ ကစားသမားဟောင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းချင်နေတာဖြစ်ပါတယ်။
ကူးဒက်စ်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ အယ်လ်ဖရက်ဒ် ရှရူဒါရဲ့ ကြိုကြားကြိုကြား အသုံးပြုခြင်းခံခဲ့ရပေမယ့်လည်း ဂျွန် ဟိုင်တင်ဂါ တာဝန်ယူကိုင်တွယ်ခဲ့တဲ့အချိန်ကတည်းက အသင်းမှာ အဓိကပုံမှန်ပွဲထွက်ကစားခွင့်ရ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
နောက်ဆုံး ဒတ်ချ်လိဂ်ပွဲစဉ် ၈ ပွဲမှာ ဂါနာကွင်းလယ်ကြယ်ပွင့်က သွင်းဂိုး ၆ ဂိုး၊ ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့အတူ အိုင်းယက်စ်အသင်းကို အမှတ်ပေးဇယား ဦးဆောင်သူ ဖီယင်နုနဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ကူးဒက်စ်ဟာ ယူနိုက်တက် တိုက်စစ်မှာ ကစားနိုင်တဲ့ ပြီးပြည့်စုံတဲ့ ရွေးချယ်စရာအဖြစ် ရှုမြင်ထားတာပြီး အန်တိုနီနဲ့ ဆန်ချိုတို့လို ကစားသမားတွေအတွက်လည်း ယှဉ်ပြိုင်မှု ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါနာလူငယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားမနေတာ ဖြစ်နိုင်ခြေရှိပြီး အနာဂတ်နဲ့ အမ်စတာဒမ်မှာ ဆက်နေမယ့်အလားအလာကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော် အခု အိုင်းယက်စ်မှာ ကစားရတာကို အရမ်းပျော်ရွှင်နေပေမယ့် ကျွန်တော်တို့ ဖလား ၂ လုံးရရင် ပိုတောင် ပျော်ရွှင်မိမှာပါ။ ကျွန်တော် ဘာကြောင့် စာချုပ်သစ် မချုပ်ချင်ရမှာလဲ။ ကျွန်တော် ကစားနေရပြီး ကောင်းကောင်း တိုးတက်နေပါတယ်။ အခုက ညှိနှိုင်းဆွေးနွေးဖို့နဲ့ တန်ဖိုးသတ်မှတ်ဖို့ပဲ ကျန်တော့တယ်။ သင့်တော်တဲ့အချိန်ရောက်လာရင် ကျွန်တော်တို့ ဘယ်လိုဖြစ်သွားမလဲဆိုတာ မြင်ရမှာပါ။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ဆောင်ရွက်ရမှာပါ။ ကျွန်တော်ကတော့ ဆုဖလားပြိုင်ပွဲအပေါ်မှာပဲ လုံးလုံး အာရုံစိုက်ချင်ပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။