ပရိသတ်အချစ်တော်မလေး ခင်ဝင့်ဝါက ပရိသတ်မသိသေးတဲ့ သူမရဲ့အကြောင်းတွေကို ပြောပြလာပါတယ်။ မာနကြီးတယ်လို့ အများအမြင်မှာထင်နေကြတဲ့ ခင်ဝင့်ဝါက အရမ်းကို စတတ်၊ နောက်တတ်သူပါနော်။
ခင်ဝင့်ဝါက ပရိသတ်မသိသေးတဲ့ သူမရဲ့ အကျင့်လေးတွေကို အခုလို ပြောပြလာပါတယ်။ သူက အရမ်းကို စတတ်၊ နောက်တတ်တဲ့ ကောင်မလေးပါလို့ မီဒီယာတွေကနေတဆင့် ဝန်ခံပြောပြခဲ့ပါတယ်။
‘’ ညီမကို ပရိသတ်မသိသေးတဲ့အချက်က ညီမက အရမ်းနောက်တယ်။ အဓိကက ကိုယ့်ဘေးနားမှာရှိတဲ့ Make Up Artist တွေ၊ ကိုယ့်အစ်မတွေဆိုရင် အရမ်းနောက်တာ။ သူငယ်ချင်းတွေဖြစ်တဲ့ အလင်းရောင်တို့ ဝိုင်းလေးတို့ကို ဆိုရင်လည်း အရမ်းနောက်တာ။ အဲဒီလိုပဲ ပေါတာပေါ့နော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
သူမက တစ်ခါတလေမှာ ခပ်တည်တည်နေတတ်တဲ့ အလေ့အထလေးတွေကြောင့် မာနကြီးတယ်လို့လည်း အထင်ခံရဖူးတယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညက Shake The World ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
‘’ တချို့ကြတော့ ထင်ထားတာကလေ မာနကြီးတယ်လို့ ထင်ကြတာပေါ့နော်။ ညီမနဲ့ စကားထိုင်ပြောကြည့်လိုက်ရင် ညီမက ရေပက်မဝင်တော့ဘူး စကားတွေ ထိုင်ပြောတာ။ သူများတွေက ဘာနေ့သမီးလဲလို့တောင် မေးယူရတယ်’’ လို့ သူကဆိုပါတယ်။
ခင်ဝင့်ဝါ ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ပရိသတ်တွေ အပြစ်ပြောစရာမရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၉ ခုနှစ် အစပိုင်းမှာတော့ ပုံစံလေးတွေပြောင်းပြီး ဝတ်ဆင်လာတာကို တွေ့ရပါတယ်။
‘’ အဓိကက ကိုယ်နဲ့လိုက်မယ့် ဖက်ရှင်မျိုးလေးတွေပါပဲ။ ညီမက Sexy နဲ့ မလိုက်ဘူးလေ။ Sexy ကိုရှောင်ပြီးတော့ တခြား ကိုယ်နဲ့လိုက်မယ့် ဖက်ရှင်မျိုးလေးတွေကို ဒီဇိုင်နာနဲ့ ပေါင်းပြီးတော့ စီစဉ်သွားမှာပေါ့’’ လို့ ဆိုပါတယ်။
ခင်ဝင့်ဝါဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။