ရဲတွေကို ကြောက်နေတာမျိုးမဟုတ်ဘဲ အားကိုးတာမျိုးဖြစ်အောင်လုပ်ရမည်ဟုဆို

ကမ္ဘာက သတ်မှတ်ထားတဲ့ စံနှုန်းအရ ပြည်သူ ၄၅၀ ခန့်ကို ရဲတစ်ဦးက စောင့်ရှောက်ရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူ (၁၀၀၀) ကျော်ကို ရဲတစ်ဦးက စောင့်ရှောက်နေရတဲ့အခြေအနေ ဖြစ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo-Myanmar State Counsellor Office

ပြည်သူတွေဟာ ရဲတွေကို ကြောက်ရွံနေတာမျိုးမဟုတ်ဘဲ အားကိုးတာမျိုးဖြစ်အောင်လုပ်ရမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ရပ်ရွာအေးချမ်းရေးအတွက် လုပ်ဆောင်နေတယ်လို့ ပြည်သူက မြင်လာရင် အောင်မြင်ပြီလို့ အတိုင်ပင်ခံက ဆိုပါတယ်။

ဒီဇင်ဘာ (၁၈) ရက်က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်နဲ့ တွေ့ဆုံရာ အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

အခုချိန်ဟာ ပြည်တွင်းလုံခြုံရေး၊ပြည်ပလုံခြုံရေးခွဲခြားလို့မရတဲ့ အခြေအနေမှာမရှိတော့ဘဲ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးကလည်း ပြည်ပလုံခြုံရေးနဲ့ ဆက်နွယ်နေတာကြောင့် အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လက်ရှိမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို အပြည့်အဝမထားနိုင်တဲ့ ပြဿနာရှိနေတာကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ရမှာ ဖြစ်သလို ဒီကြားထဲ ရခိုင်ပြည်နယ်ကို လုံခြုံရေးလိုအပ်ချက်အရပို့ထားရတယ်လို့ ဆိုပါတယ်။

Myanmar State Counsellor Office

မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးနှင့်ပတ်သက်ပြီး စွမ်းဆောင်ရည် ပိုကောင်းလာတယ်ဆိုပြီး အမြင်ပြောင်းတဲ့အထိ ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရာမှာ လိုအပ်တာထက်ပိုအင်အားသုံးခဲ့ရင် ပြဿနာရှိပြီး ပြည်သူလူထုရဲ့ အခွင့်အရေးကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ နေ့တဓူ၀ ပြည်သူရဲ့ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိက လုပ်ရမှာ တာကြောင့် မိမိတို့ရဲ့ တာဝန် ဘယ်လောက်ကြီးမားတယ်ဆိုတာ နှလုံးသွင်းပြီး တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်စေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ရဲ့ နည်းပညာတိုးတက်လာအောင် နိုင်ငံ့ဘဏ္ဍာငွေကနေ တတ်နိုင်သလောက် ရဲတပ်ဖွဲ့ကို ပေးမှာဖြစ်ပြီး လိုအပ်ချက်အရ မလုံလောက်ပေမယ့် ပြည်သူကပေးထားတဲ့ ဘဏ္ဍာငွေ ဖြစ်တာကြောင့် စိစစ်သုံးစွဲကြဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။

Share

Loading Next Article...
က္က