သူ့ဘဝ ဖြတ်သန်းမှုတွေကို ပြောပြခဲ့ပါတယ်။

ဇွဲပြည့်ကတော့ ရပ်ကွက်က ကျင်းပတဲ့ ဘုရားပွဲတွေမှာ သီချင်းတွေဆိုတဲ့ဘဝကနေ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ ဖြတ်သန်းမှုတွေကို ပြောပြလာပါတယ်။ အခုဆိုရင် တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပြီးသားပါ။

Photo: Zwe Pyae



ဇွဲပြည့်ဟာ အခုလက်ရှိမှာလည်း သူ့ရဲ့ ဂီတအလုပ်တွေကို ပုံမှန်အတိုင်းဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင် မျှော်လင့်ခဲ့ရတဲ့ အနေအထားတစ်ခုကို ရောက်နေတာဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ဆိုပါတယ်။

‘’ လက်ရှိအောင်မြင်မှုကိုလည်း ကျေနပ်ပါတယ်။ အစ်ကိုကြိုးစားခဲ့သလောက် ကိုယ်ရသင့်သလောက်ပေါ့။ အရမ်းကြီးလည်း မမျှော်လင့်ထားသလို အရမ်းအောင်မြင်ရမယ်၊ ငါ နံပတ် ၁ဖြစ်ရမယ်လို့လည်း စိတ်ထဲမှာ မတွေးထားဘူး။ အဓိက ကတော့ ကိုယ်ကြိုးစားသင့်သလောက်၊ ဘော်ဒါတွေ အသိအမှတ်ပြုသလောက်၊ ကိုယ်မျှော်လင့်သလောက်တော့ ပြန်ရတယ်။ ကိုယ့်ဘဝကိုယ်လည်း ကျေနပ်ပါတယ်’’ လို့ သူကပြောပါတယ်။

Photo: Zwe Pyae

ဇွဲပြည့်ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ သူကိုယ်တိုင်ခက်ခက်ခဲခဲကြိုးစားခဲ့ရတာတွေကို ရင်ဖွင့်ပြောပြလာခဲ့တာပါ။ ဒီနေ့ခတ်လူငယ်တွေအတွက်ကတော့ အခွင့်အရေးတွေလည်း အများကြီးရှိသလို လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက်အရမ်းလွယ်တယ်လို့ ဆိုပါတယ်။

‘’ အခုခေတ်က လူပေါက်ဖို့က အရမ်းလွယ်တယ်။ ပြိုင်ပွဲတွေရှိတဲ့အပေါ်မှာ အားပေးနေကြတဲ့လူတွေက ပြိုင်ပွဲကို ကြိုက်တဲ့လူတွေပေါ့နော်။ ပြိုင်ပွဲမှာကျတော့ လူကိုအရင်မှတ်မိကြတာဖြစ်တဲ့အတွက် လူကပိုပေါက်တယ်။ ပြီးတော့ ကိုယ်ပိုင်သီချင်းရှိဖို့လိုတာပေါ့။ အစ်ကိုဆိုရင် အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့၊ ခိုလှုံရာ၊ အားကိုးပါ ဒီသုံးခွေထွက်ထားတယ်ပေါ့။ ဂီတမှာ ကိုယ်ပိုင်သီချင်းတွေ မပေါက်တာက များတယ်။ ဘာပဲဖြစ်ဖြစ် အဆိုတော်များလာတယ်၊ အရေအတွက်များလာတယ်ဆိုပေမယ့် အရည်အချင်းရှိဖို့ကတော့ လိုအပ်တာပေါ့’’လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Kelvin Grapher

ဇွဲပြည့်ဟာ အခုလို အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ အများကြီး ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ရပ်ကွက်မှာ ကျင်းပတဲ့ ဘုရားပွဲတွေမှာ အလှူငွေထည့်ပြီး သီချင်းတွေ ဆိုခဲ့ရဖူးတယ်လို့ သူကိုယ်တိုင်က Duwun Media အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး အဆိုသင်တန်းတွေတက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရရှိဖို့ အတွက် အချိန်ကာလ ၇နှစ်ကျော်၊ ၈ နှစ် နီးပါး ကြိုးစားခဲ့ရတယ်လို့ သူကပြောပါတယ်။

Photo: Zwe Pyae

အဆိုတော်ဇွဲပြည့်ကတော့ ၂၀၁၅ ခုနှစ် မတ်လအတွင်းက သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ တေးစီးရီးထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် မေလအတွင်းမှာတော့ ဒုတိယမြောက် တေးစီးရီးအနေနဲ့ ခိုလှုံရာဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တေးစီးရီးဖြစ်တဲ့ အားကိုးပါ အခွေကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဇွဲပြည့်က ‘’နွံနစ်ခဲ့’’ ဆိုတဲ့ Single Song လေးထွက်ရှိထားပါသေးတယ်တဲ့။ ‘’အားကိုးပါ’’ တေးစီးရီးအတွက်ကိုလည်း MTV တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က