မင်းသန့်မောင်မောင်ကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူကို အလုပ်တွေကူညီပေးချင်တဲ့အတွက် အမွေကို လက်ခံဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပိုင်ဆိုင်ခွင့်ရထားတဲ့ မိသားစုဘဝကို ကျေနပ်တယ်လို့ ပြောပါတယ်။
Photo: Zin Yaw Mg
ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်က လက်ရှိပိုင်ဆိုင်နေရတဲ့ မိသားစုဘဝလေးကို ကျေနပ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။
“ အခုလက်ရှိအခြေအနေလေးကို တော်တော်လေးကို စိတ်ချမ်းသာပြီးသား။ ဒီထက်ပိုပြီးလည်း ကျွန်တော် မလိုချင်ပါဘူး၊ ဒီထက်ပိုပြီးတော့လည်း မပေးသင့်ပါဘူး။ ကျွန်တော့်ကို ဒီဘဝပေးထားတဲ့အတွက် ဒီအတိုင်းလေးပဲ ရှင်သန်ပါတယ်။ ကျွန်တော့်ကို ခွန်အားပေးရင်၊ ပညာပေးရင်၊ ချစ်ခြင်းမေတ္တာပေးရင် ကျွန်တော် ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။
Photo: Zin Yaw Mg
မင်းသန့်မောင်မောင်ကိုတော့ ဖခင်ဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ပိုင်ဆိုင်ထားသမျှကို အမွေပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဖခင်ကို ကူညီပေးချင်တဲ့စိတ်နဲ့ အမွေတွေကို လက်ခံခဲ့တာပါလို့ မင်းသန့်မောင်မောင်က ပြောပါတယ်။
“ ကျွန်တော့်အတွက်ကတော့ ပြောရရင် စောပါသေးတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အဖေ စိတ်ချမ်းသာအောင်၊ အသက်လည်းကြီးလာပြီ၊ ကျန်းမာရေးလည်းမကောင်းဖြစ်နေတယ်ဆိုတော့ သူ့နေရာကိုတော့ ကျွန်တော် ယူရတော့မှာပါ။ အဓိကကတော့ ပိုက်ဆံအတွက် သူ့နေရာကို လိုချင်လို့ မဟုတ်ဘူး ကျွန်တော် ကူညီပေးချင်လို့ လက်ခံလိုက်တာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Zin Yaw Mg
အဲဒီနောက် ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း သားလေးကို သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။
“ သားသားကို လူရယ်လို့ဖြစ်လာရင် မြင့်သထက်မြင့်အောင် ကြိုးစားကြမယ်လို့ပြောထားတယ်။ လူရယ်လို့ဖြစ်လာရင်လည်း ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရတယ်လေ။ ဘဝကိုလည်း ကျေနပ်ရတယ်၊ လောကကိုလည်း အလှဆင်ရတယ်။ ကိုယ့်ဘဝကိုယ်လည်း မြင့်သထက်မြင့်အောင် ကြိုးစားရတယ်” လို့ သူကဆိုပါတယ်။
Photo: Zin Yaw Mg
မင်းသန့်မောင်မောင်ကိုတော့ မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ကတည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဖခင်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။