မိန်းကလေးတွေရဲ့ နေ့စဥ်အသုံးအဆောင်စရိတ်၊ အလှကုန်စရိတ် တခြားဗာဟီရစရိတ်တွေဟာ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ စိတ်ကို အလိုလိုက်နေတဲ့အမျိုးသမီးတွေအတွက်တော့ ဝင်ငွေ နဲ့ ထွက်ငွေဟာ လစဥ်မမျှမတဖြစ်နေပြီး အချိန်ပြည့် ပိုက်ဆံပြတ်လပ်နေကြောင်း အော်နေရမှာပါပဲ။ ပိုက်ဆံမပြတ်စေဖို့ ၊ ပိုက်ဆံအသုံးခံဖို့ ဘယ်လိုတွေ စိစစ်ချွေတာပြီး သုံးစွဲရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ တကယ်ကို လိုက်နာကျင့်သုံးဖို့လည်း လိုအပ်ကြောင်း ကြိုတင်သတိပေးပါရစေ။
ကိုယ့်ဝင်ငွေနဲ့ ချိန်ညှိပြီးမှ အသုံးစရိတ်ထုတ်ပါ
အသုံးစရိတ်ကို ကိုယ့်ရဲ့ ဝင်ငွေကို လိုက်ပြီး သုံးစွဲတတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဝင်ငွေဟာ ဘယ်လောက်ရသလဲ၊ ကိုယ် ဘယ်လောက်အတိုင်းအတာအထိ သုံးစွဲလို့ရနိုင်သလဲဆိုတာ ကိုယ်အသိဆုံးပါ။ ကိုယ့်ဝင်ငွေကို အိမ်အသုံးစရိတ် ၊ စားစရိတ် ၊ အပိုသုံးစရိတ် နဲ့ စုဆောင်းငွေဆိုပြီး သပ်သပ် ခွဲသုံးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကြုံသလို သုံးစွဲနေရင် လတိုင်းဟာ ပိုက်ဆံပြတ်နေတယ်လို့ အော်နေရမှာပါပဲ။ ကိုယ်ရှာနိုင်တဲ့ ပမာဏထက် ပိုသုံးလို့မရဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိချပ်ထားပါ။
Ok Boutique ပိုင်ရှင်ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပိုင်ရှင် မမေသွန်သွန်ချစ်ကတော့ ပိုက်ဆံကို ဘယ်လိုစုဆောင်းသင့်တဲ့အကြောင်း ခုလိုပြောပါတယ်။
"ငွေကရှာရခက်သလောက် သုံးဖို့ ဆိုရင် အရမ်းလွယ်ကူပါတယ်။ သုံးသင့်သုံးထိုက်တာ နဲ့ အပို ဖြုန်းတာကိုတော့ ခွဲခြားသိဖို့ လိုပါမယ်။ ငွေကို စုနိုင်တဲ့အနေအထားမျိုးမှာ ဆိုရင် ပုံမှန်လေး စုသွားသင့်ပါတယ်။ ပုံမှန်ဝင်ငွေ ရှိနေသူတွေ လစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းစုမယ် စသည်ဖြင့်ပေါ့နော် သူနိုင်သလောက်စုဆောင်းသွားသင့်ပါတယ် ။ ဒါပေမယ့် ရလာသမျှ မစားရက်မသောက်ရက် မပေးရက် မလှူရက် စုထားတာမျိုးကိုလည်း အားမပေးချင်မိပါဘူး။ နေရာ ၊အချိန်အခါ ၊ အနေအထား နဲ့ စိတ်ကူး ပေါ် လာတဲ့ အခါ သင့်တော်တယ် စိတ်လည်း ချမ်းသာမယ် ဆိုရင် သုံးထိုက်တာမျိုးကို သုံးတာ သဘာဝ ကျပါတယ် ။ တချို့ ငွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ အချိန်နှောင်းမှ မပေးလိုက်ရ မလုပ်လိုက်ရဆိုတာမျိုးတွေ မကြုံ မိအောင် လည်း သတိပြု ရမှာပေါ့နော် ။"
ငွေရေးကြေးရေး အရှုပ်အရှင်းကင်းပါစေ
ဒီဘက်ခေတ်မှာ ချေးငွေ လုပ်ငန်းတွေ ၊ Credit Card တွေ မှိုလိုပေါနေတာဖြစ်တဲ့အတွက် အကြွေးယူဖို့ဆိုတာ တော်တော်လွယ်ကူတဲ့ ကိစ္စတစ်ရပ်ဖြစ်သွားပါပြီ။ မိန်းကလေးဆိုတော့ အလွယ်တကူပိုက်ဆံရတဲ့ ကိစ္စတွေအပေါ် သဘောကျတတ်ကြပါတယ်။ ကိုယ့်မှာ မလိုအပ်ဘဲနဲ့လည်း ချေးငွေယူတာ ၊ ပိုက်ဆံချေးတာတွေကို တစ်ယောက်တည်းသော်လည်းကောင်း ၊ အဖော်ကောင်းလို့သော်လည်းကောင်း ယူတတ်ကြပါတယ်။ ဒါပေမယ့် သတိပြုရမှာက အတိုးပါ။ ငွေချေးတယ်ဆိုတာ အတိုးနှုန်းတွေကပါ တွဲပြီး ကပ်ပါလာတာပါ။ ကိုယ့်အသုံးအဆောင်တွေကို အသုံးပြုရာမှာ သူတပါးကို အတိုးနှုန်းပေးနေရတာကတော့ မဖြစ်သင့်ပါဘူး၊ နောက်တစ်ခုက လူအထင်ကြီးအောင် ကိုယ်မတတ်နိုင်တဲ့ ပမာဏကို အကြွေးနဲ့ ဝယ်ယူတာမျိုးကိုလည်း ရှောင်ပါ။ တတ်နိုင်သမျှ အကြွေးဝယ်ယူတာမျိုး ရှောင်ကြဥ်သင့်ပါတယ်။
ကိုယ်ကျွမ်းကျင်ရာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်ပါ
ဒီဘက်ခေတ်မှာ ငယ်ရွယ်သူတွေတောင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြပါပြီ။ ကိုယ့်မှာ အတွေ့အကြုံ ၊ အိုင်ဒီယာ ရှိတယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု စတင်ဖို့အတွက် ကြိုးပမ်းကြည့်ပါ။ အမျိုးသမီးတွေအတွက် ပိုတောင် လွယ်ကူပါသေးတယ်။ Hand Made ပစ္စည်းလေးတွေ လုပ်လို့ရသလို အွန်လိုင်းရှော့ပင် လုပ်မယ်ဆိုလည်း လုပ်လို့ရပါတယ်၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ပြီဆိုရင် ကိုယ့်ရဲ့ ဝင်ငွေတွေ ၊ ထွက်ငွေတွေကို ပိုပြီး တွက်ချက်တတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ ငွေတွေကို တိုးပွားချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့အတွက် စတင်ကြည့်ပါ။
ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေရဲ့ အကြံဥာဏ်ကို ယူပါ
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုရင် အတွေ့အကြုံလည်း မရှိသေးဘူးဆိုရင် ထင်ရာစိုင်းပြီး လုပ်နေလို့တော့ မရပါဘူး။ အမှားတွေလုပ်မိပြီး အရင်းပါရှုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် မိတ်ဖွဲ့ထားပါ။ သူတို့ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို မေးမြန်းပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အကြံဥာဏ်ရယူပါ။ ကိုယ် လိုအပ်တဲ့ အကူအညီတွေ ၊ သိချင်တာတွေကို အရင်မေးမြန်းစူးစမ်းပြီးမှ ကိုယ်ပိုင်လုပ်ငန်းအတွက် စတင်ဖို့ ပြင်ဆင်သင့်ပါတယ်။
အသုံးမလိုတာတွေအတွက် ငွေအကုန်မခံပါနဲ့
တချို့မိန်းကလေးတွေက ပစ္စည်းအသစ်ထွက်တာနဲ့ ဝယ်ချင်တဲ့ ဗီဇမျိုးတွေရှိပါတယ်။ တစ်ခါတလေ ကိုယ့်မှာ ရှိပြီးသား ပစ္စည်းတစ်ခုကိုပဲ နောက်ထပ် ပစ္စည်းအသစ်ပေါ်ရုံနဲ့ ဝယ်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီဇိုင်းအတူတူကိုတောင်မှ ထပ်ဝယ်လိုက်တာမျိုးပေါ့။ ကိုယ့်မှာ ပိုက်ဆံကို စိစစ်ချွေတာ သုံးစွဲနေရတယ်ဆိုရင် ဒီလို အပြုအမူမျိုး မပြုလုပ်သင့်ပါဘူး။ အသုံးမလိုတာတွေအတွက် ကိုယ့်ရဲ့ ငွေကို ထပ်ပြီး မဖြုန်းတီးသင့်ပါဘူး။ ဒါ့ကြောင့် ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်လိုအပ်တဲ့အရာဟုတ်မဟုတ် အရင် စဥ်းစားပြီးတော့မှ ဝယ်ယူဖို့ သတိပေးပါရစေ။ ဝယ်ပြီးတာနဲ့ တန်ဖိုးကျသွားတတ်တဲ့ ပစ္စည်းတွေကိုဝယ်ယူတာမျိုး ပြုလုပ်မိပြီဆိုရင်လည်း တတ်နိုင်သမျှ အပိုတွေ ထပ်မဝယ်မိအောင် ကြိုးစားသင့်ပါတယ်။
ဝင်ငွေ နဲ့ ထွက်ငွေ မျှတအောင်ဘယ်လိုသုံးစွဲရမလဲဆိုတာကို Lady Grace Diamond Land Co.,Ltd ရဲ့ CEO မနန်းတင်မိုးသူက Duwun ကို ခုလို ပြောပြလာပါတယ်။
"ဝင်ငွေနဲ့ ထွက်ငွေမမျှဘူးလို့ အော်နေကြတဲ့ သူတွေက သေချာခွဲဝေမသုံးစွဲကြလို့ပါ။ ဝင်ငွေနဲ့ ထွက်ငွေ မျှချင်တယ်ဆိုရင် လစာထုတ်တာနဲ့ Shopping ထွက်တဲ့ အကျင့်လေး၊ သူငယ်ချင်းတွေနဲ့ Gathering လုပ်တဲ့ အကျင့်လေး ၊ နောက်ပြီး စားချင်တာတွေကို စွတ်စားလိုက်တာ အဲဒါတွေကို လျှော့ရမယ်။ တချို့တွေကတော့ တွေးမှာပဲ၊ တစ်လမှာမှ ဒီတစ်ရက်တည်းစားတာလို့ ဒါပေမယ့် အဲဒီပိုက်ဆံဟာ ကိုယ့်လစာရဲ့ ငါးပုံတစ်ပုံ ကုန်သွားတာလည်း ဖြစ်နိုင်တယ်။ လကုန်မှ ပိုက်ဆံတွေ သူများဆီက ချေးငှားရတာ ၊ ပိုက်ဆံမရှိတော့တာတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ ဝင်ငွေကို အပုံလေးတွေ ပုံပြီး သုံးစွဲတတ်အောင် လေ့ကျင့်ပါ။ အရေးကြီးတဲ့ အရာတွေအတွက် ဖယ်ထားချန်ထားပါ။ အပုံလေးတွေပုံပြီး ပိုလာတဲ့ ငွေကိုမှ တင်းတိမ်ရောင့်ရဲစွာ သုံးစွဲတတ်မယ်ဆိုရင် ဝင်ငွေနဲ့ ထွက်ငွေ မျှတလာပါလိမ့်မယ်"
ဒီအချက်လေးတွေကို သေချာလိုက်နာမယ်ဆိုရင်တော့ ကိုယ်ဟာ တစ်လ တစ်လ ငွေက အသုံးမခံဘူး။ ပိုက်ဆံမရှိဘူး ပြတ်တယ်ဆိုတာမျိုးတွေ ညီးတွားနေစရာမလိုအပ်တော့ပါဘူး။