နယူးကာဆယ်ကတော့ ပိုင်ရှင်အပြောင်းအလဲဖြစ်ဖွယ်ရှိနေပြီး အသွင်သစ်နဲ့အသင်းတစ်သင်းဖြစ်လာမယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က နယူးကာဆယ်အနေနဲ့ နည်းပြသစ်အဖြစ် ပိုချက်တီနိုကိုခန့်အပ်နိုင်ခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်ကတော့ ပိုင်ရှင်အပြောင်းအလဲဖြစ်ဖွယ်ရှိနေပြီး အသွင်သစ်နဲ့အသင်းတစ်သင်းဖြစ်လာမယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။
လက်ရှိအသင်းပိုင်ရှင်မိုက်အက်ရှ်လေ နဲ့ ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ပိုင်ဆိုင်တဲ့စီးပွားရေးအုပ်စုကြားမှာ အရောင်းအဝယ်ဖြစ်ပေါ်လာဖို့ ဆွေးနွေးနေပြီး စရံငွေတောင် ပေးချေထားပြီးပြီလို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ပေါင်သန်း ၃၀၀ နဲ့ ညှိနှိုင်းနေကြတာဖြစ်ပြီး ဘင်ဆယ်လ်မန်ပိုင်ဆိုင်ခဲ့မယ်ဆိုရင် အသင်းကို ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူပေးမယ်လို့ နယူးကာဆယ်ပရိသတ်တွေက ယုံကြည်နေကြပါတယ်။
လက်ရှိနည်းပြစတိဗ်ဘရုကိုထုတ်ပယ်ကာ စပါးနည်းပြဟောင်းပိုချက်တီနိုကို နည်းပြသစ်ခန့်အပ်ဖို့ ဘင်ဆယ်လ်မန်က ရည်ရွယ်ထားတယ်လို့လည်း ယုံကြည်ကြပါတယ်။ လောင်းကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ BetFair မှာ ဘာဘာတော့ဗ်က နယူးကာဆယ်အနေနဲ့ ဂါရတ်ဘေးလ်ကိုပါ ခေါ်ယူနိုင်တဲ့အထိ ဖြစ်တည်လာမယ်လို့ ရေးသားပြောဆိုခဲ့ပါတယ်။
"ဒီသတင်းတွေသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် နယူးကာဆယ်က ပိုချက်တီနိုကို ခန့်အပ်ဖို့ ကြိုးစားပါလိမ့်မယ်၊ ဒါက သူတို့အတွက်တော့ ကြီးမားတဲ့ အရွေ့တစ်ခုပါပဲ၊ ပိုင်ရှင်သစ်လက်ထက်မှာ ပထမဆုံးခေါ်ယူမယ့်သူဖြစ်လာမှာဖြစ်ပြီး ကစားသမားအများအပြားကိုလည်း သူတို့ပစ်မှတ်ထားပါလိမ့်မယ်၊ ပိုချက်တီနိုကို ခန့်အပ်နိုင်မယ်ဆိုရင် သူတို့အတွက် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့ ပိုပြီးတော့ အာရုံစိုက်မှုကောင်းလာမှာပါ"
"နာမည်ကျော်ကစားသမားတွေကို ပြောရမယ်ဆိုရင် ဂါရတ်ဘေးလ်က သူတို့တွေ စောင့်ကြည့်နေတဲ့ ကစားသမားစာရင်းထဲမှာ ရှိနေပါတယ်" လို့ ဘာဘာတော့ဗ်က ရေးသားပြောဆိုခဲ့ပါတယ်။ ဘေးလ်ကတော့ ရီးရဲလ်မှာ အဆင်မပြေဖြစ်နေသူဖြစ်ပြီး ဇီဒန်းကိုယ်တိုင်က ပြန်လည်ရောင်းချဖို့ သတ်မှတ်ထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။